စုပေါင်းစိုက်ပျိုးခြင်းများ၊ စုပေါင်းမွေးမြူခြင်းများကို စနစ်တကျဆောင်ရွက်နိုင်ရေး စည်းရုံးဆွေးနွေး




နေပြည်တော် ဩဂုတ် ၂၁

သမဝါယမအသင်းများအနေဖြင့် တောင်သူများကို တစ်ဦးတစ်ယောက်ချင်း ဆောင်ရွက်နေသည်မှ အစုအဖွဲ့စနစ်၊ တစ်ဆက်တစ်စပ်တည်း စုပေါင်းစိုက်ပျိုးခြင်းများ၊ စုပေါင်းမွေးမြူခြင်းများကို စနစ်တကျဆောင်ရွက်နိုင်ရေး စည်းရုံးဆွေးနွေးပြီး တောင်သူများ၏ လိုအပ်သည့်မျိုး၊ သွင်းအားစုနှင့် အရင်းအနှီးများရရှိစေရေး၊ ထွန်ယက်စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းဆိုင်ရာ စက်ကိရိယာများအသုံးပြုနိုင်ရေး၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်ပူးပေါင်းပြီး ဝန်ဆောင်မှုပေးရန်နှင့် လိုအပ်သည်များကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းကူညီပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၌ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက သမဝါယမအသင်းသားများနှင့် တွေ့ဆုံမှာကြားစဉ် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။


ဆက်လက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက စိုက်ပျိုးရေးတွင် စပါး၊ ဝါနှင့် ဆီထွက်သီးနှံ စိုက်ပျိုးမှုအခြေအနေများ၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နေမှုများ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သမဝါယမအသင်းများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးတွင် ပါဝင်ဆောင်ရွက်နေမှုသည် နိုင်ငံ့စားရေရိက္ခာဖူလုံရေး၊ ပြည်ပတင်ပို့နိုင်ရေးအတွက် အလွန်အရေးကြီးပါကြောင်း၊ သီးနှံအထွက်နှုန်းတိုးစေရန်၊ ထုတ်လုပ်မှုစရိတ်သက်သာစေရန်နှင့် စျေးကွက်ရရှိအောင် စနစ်တကျဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားကာ အသင်းသားများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.