မျိုးဆက်သစ်ဉာဏ်ရည်တု အသုံးပြုနေသည့်ကလေးများ ထိခိုက်နစ်နာမှုမရှိစေရန် Google နှင့် ဂျပန် အမြင်ချင်းဖလှယ်

 


တိုကျို  ဩဂုတ်  ၂၇

ဂျပန်နိုင်ငံ၏ ကလေးသူငယ်ရေးရာမူဝါဒဝန်ကြီးသည် မျိုးဆက်သစ်ဉာဏ်ရည်တု (Generative AI) အသုံးပြုနေသည့် ကလေးသူငယ်များကို ထိခိုက်နစ်နာမှုများမှ ကာကွယ်ပေးနိုင်ရေး ကြိုးပမ်းမှုများနှင့်ပတ်သက်၍  အမေရိကန်နည်းပညာကုမ္ပဏီကြီး  Google ၏ အမှုဆောင်အရာရှိတစ်ဦးနှင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဂျပန်ကလေးသူငယ်ရေးရာမူဝါဒဝန်ကြီး ကီကာဝါဒါ ဟီတိုရှီသည် ဩဂုတ် ၂၇ ရက်တွင် Google ဒုတိယဥက္ကဋ္ဌ လော်ရီ ရစ်ချက်ဒ်ဆန်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ မျိုးဆက်သစ် AI နည်းပညာ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် လူငယ်များအနေဖြင့် မိမိတို့၏ ဒုက္ခများနှင့် စိုးရိမ်ပူပန်မှုများအတွက် အကြံဉာဏ်တောင်းခံရာတွင် နည်းပညာကို ပိုမိုအားကိုးလာကြသည်ဟု ထင်မြင်ယူဆကြောင်း ကီကာဝါဒါက ရစ်ချက်ဒ်ဆန်ကို ပြောကြား သည်။

မျိုးဆက်သစ် AI တွင် အလား အလာကောင်းများစွာရှိသော်လည်း လူငယ်များက မိမိကိုယ်ကို  ထိခိုက်စေမှုနှင့် မိမိကိုယ်ကို အဆုံးစီရင်မှုဆိုင်ရာ အကြံဉာဏ်များတောင်းခံလာသည့်အခါ သင့်လျော်စွာတုံ့ပြန်ပေးခြင်းအပါအဝင် ၎င်းတို့၏ အသက်အရွယ်နှင့် ကိုက်ညီသည့် လုံခြုံရေးအစီအမံများကို သေချာစွာချမှတ်ဆောင်ရွက်ရန်နှင့် ထိခိုက်နစ်နာမှုများမှ ကာကွယ်ပေးရန် တာဝန်ယူဆောင်ရွက်ခြင်းမှာ အလွန်အရေးကြီးကြောင်း ၎င်းက အလေးအနက်ပြောကြားသည်။

ဂျပန်နိုင်ငံ၏ ကလေးသူငယ်နှင့်  မိသားစုရေးရာအေဂျင်စီက Google ဘက်မှ ၎င်းတို့၏ မျိုးဆက်သစ် AI ထုတ်ကုန်များကို အသုံးပြုသူများက မိမိကိုယ်ကို အဆုံးစီရင်ရန်နည်းလမ်းများ ရှာဖွေမေးမြန်းသည့်အခါ ယင်းနှင့်သက်ဆိုင်သည့် အချက်အလက်များကို  မပေးနိုင်အောင် ဒီဇိုင်းရေးဆွဲထားကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟု ဆိုသည်။

ကလေးသူငယ်များ၏ လူမှုကွန်ရက်အသုံးပြုမှုကိုကန့်သတ်ရန် လုပ်ဆောင်မှုများသည်   ကမ္ဘာတစ်ဝန်းတွင်   ပိုမိုများပြားလာလျက်ရှိကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.