မြန်မာလိဂ်ထိပ်သီးနှစ်သင်းကစားမည့် MFF Charity Shield 2026 ရန်ပုံငွေကွင်းဖွင့်ဖလားပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်



 ရန်ကုန်   ဩဂုတ်   ၂၄

မြန်မာလိဂ်   ထိပ်သီးကလပ်အသင်းနှစ်သင်းဖြစ်သည့်  ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့  ယှဉ်ပြိုင်ကစားမည့် MFF Charity Shield 2026 ရန်ပုံငွေ ကွင်းဖွင့်ဖလားပွဲကို သြဂုတ် ၂၅ ရက် ညနေ ၅ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ကျင်းပမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များ၊ ကံစမ်းမဲအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ   ကျင်းပမည်ဖြစ်သည်။

၂၀၂၆-၂၀၂၇ ဘောလုံးရာသီ၏ ပထမဆုံးပြိုင်ပွဲဖြစ်သည့်  MFF Charity Shield 2026 ရန်ပုံငွေ ကွင်းဖွင့် ဖလားပွဲကို၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးပြန်လည်ကျင်းပခြင်းဖြစ်ပြီး လာရောက်ကြည့်ရှုအားပေးကြမည့် ပရိသတ်များအပြင် ဘောလုံးပွဲနှင့်အတူ အနုပညာရှင်များ၏ တေးသီချင်းဖျော်ဖြေမှုများ ကြည့်ရှုနိုင်မည့်အပြင်   ကံစမ်းမဲလည်း  ပါဝင်ခွင့်ရမည်ဖြစ်သလိုရရှိသည့် ကွင်းဝင်ကြေးအားလုံးကို   ရေဘေးသင့်ပြည်သူများထံ လှူဒါန်းမည်ဖြစ်သောကြောင့် ဘောလုံးပွဲကြည့်ရင်း ကုသိုလ်ရမည့်အခွင့်အရေးပင်ဖြစ်သည်။ ဘောလုံးပွဲမစတင်မီ မွန်းလွဲ ၂ နာရီခွဲမှစ၍ ဖြိုးကြီး၊ ဖြိုးပြည့်စုံ၊ မေခလာ၊ ဂျူဝယ် စသည့်အနုပညာရှင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမည်ဖြစ်သည်။ ကွင်းဝင်ကြေးအဖြစ် အထူးတန်း ငွေကျပ်   ၅၀၀၀၊ ရိုးရိုးတန်း ငွေကျပ် ၂၀၀၀   သတ်မှတ်ထားသည်။

ပြိုင်ဆိုင်မှုပြင်းထန်

ရာသီကြိုပြင်ဆင်မှုများစွာ ပြုလုပ်ထားသည့် နှစ်သင်း၊ နိုင်ငံခြားသားကစားသမား အရေအတွက်အပြည့် ခေါ်ယူထားသည့် နှစ်သင်း၊ လက်ရွေးစင်ကစားသမား အများစုပါဝင်သည့် နှစ်သင်း၊ ချန်ပီယံဆုဖလားပေါင်းများစွာ ရယူဖူးသည့်နှစ်သင်း တွေ့ဆုံသည့်ပွဲဖြစ်သောကြောင့် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်း ထိပ်တိုက်တွေ့ဆုံမှုမှာ  ပြိုင်ဆိုင်မှုပြင်းထန်မည့် ပွဲကောင်းတစ်ပွဲဖြစ်လာမည်ဖြစ်သည်။   

 ရှမ်းယူနိုက်တက်အသင်းနှင့်  ရန်ကုန်ယူနိုက်တက်အသင်းသည်  ပြိုင်ပွဲသမိုင်းတစ်လျှောက် လေးကြိမ် တွေ့ဆုံထားပြီး ရှမ်းယူနိုက်တက်အသင်းက သုံးကြိမ်အနိုင်ရကာ ရန်ကုန်ယူနိုက်တက်အသင်းက တစ်ကြိမ် အနိုင်ရထားသည်။ MFF Charity Shield 2026   ရန်ပုံငွေကွင်းဖွင့်ဖလားပွဲကို ၂၀၁၂ ခုနှစ်မှ  ၂၀၂၀ ပြည့်နှစ်အထိ ကျင်းပခဲ့ပြီး    ယင်းကိုးကြိမ်တွင်   ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းက သုံးကြိမ်စီ၊ ဧရာဝတီယူနိုက်တက်အသင်းက နှစ်ကြိမ်၊ မကွေးအသင်းက တစ်ကြိမ်  ဗိုလ်စွဲထားသည်။ နောက်ဆုံးကျင်းပသည့် ၂၀၂၀ ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို  နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရထားသည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - MNL

No comments

Powered by Blogger.