ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် လူသုံးကုန်ပစ္စည်းများ လှူဒါန်းပေးအပ်



ပုသိမ် ဩဂုတ်  ၂၄


ကုမ္ပဏီများနှင့် ချောင်းသာဟိုတယ်ဇုန်တို့မှ အလှူရှင်များနှင့် စေတနာရှင်အလှူရှင်များသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် အလှူငွေနှင့် လူသုံးကုန်ပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် ဟင်္သာတမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဧည့်ရိပ်သာ၌ လာရောက်လှူဒါန်းသည်။


ဦးစွာ ရွှေမဟာစံကုမ္ပဏီလီမိတက်က ငွေကျပ် သိန်း ၂၀၀ တန်ဖိုးရှိ လူသုံးကုန်ပစ္စည်းများနှင့် အလှူ ငွေကျပ်သိန်း ၅၀၊ ကဉ္စနကျွန်းသာကုမ္ပဏီလီမိတက် (Gold Delta Co., Ltd.)က အလှူငွေကျပ်သိန်း ၁၀၀၀၊ Than Thar ထရေးဒင်းကုမ္ပဏီလီမိတက်က ငွေကျပ် သိန်း ၂၀၀ တန်ဖိုးရှိ စားအုန်းဆီ ၅၀ ကျပ်သားဘူး ၅၀၀၀၊ ချောင်းသာဟိုတယ်ဇုန်မှ အလှူရှင်များက ငွေကျပ် ၁၈၂ သိန်း ၅ သောင်းတန်ဖိုးရှိ လူသုံးကုန် ပစ္စည်းများနှင့် အလှူငွေကျပ် ၁၂၆ သိန်း၊ ရေကြည် မြို့နယ် အသုတ်မြို့ ရွှေစပါး မြန်မာကုမ္ပဏီလီမိတက် က မီးစက်တစ်လုံးလျှင် ငွေကျပ် ၃၆ သိန်း တန်ဖိုးရှိ မီးစက်သုံးလုံးတို့ကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။


လှူဒါန်းပွဲအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် သည် ဟင်္သာတမြို့နယ် ကညင်ငူကျေးရွာအုပ်စု အုတ်ပုံကျေးရွာ ရတနာသီရိပုညကျောင်းတိုက်၌ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံပြီး ရေကျဆင်းပြီး နောက်ပိုင်း ပျက်စီးဆုံးရှုံးမှုများကို အမြန်ဆုံးပြန်လည် ပြုပြင်နိုင်ရေး၊ ပြည်သူများ၏ နေထိုင်စားသောက်ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပုံမှန် ပြန်လည် လည်ပတ်နိုင်ရေးတို့အတွက် အားလုံး ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က အားပေးစကားပြောကြားကာ ဟင်္သာတခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးက ဝမ်းပျက်ဝမ်းလျှော ရောဂါ မဖြစ်ပွားစေရေး၊ အစာအဆိပ်သင့်မှု မဖြစ်စေ ရေး၊ မြွေအန္တရာယ်ကာကွယ်ရေး၊ တုပ်ကွေး ကာကွယ်ဆေးနှင့် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများ ထိုးနှံပေးမည့်အစီအစဉ်များကို အသိပညာ ပေးဟောပြော၍ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။


ဆက်လက်၍ ဟင်္သာတမြို့နယ် ကညင်ငူ ကျေးရွာ၌ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ အားပေးစကားပြောကြားပြီး ဟင်္သာတခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးက ကျန်းမာရေးဆိုင်ရာအသိ ပညာပေးဟောပြောကာ ရေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့ပစ္စည်းများပေးအပ်၍ လေးမျက်နှာ မြို့နယ် စာရေးကွင်းကျေးရွာ ဣစ္ဆာသယကျောင်း တိုက်၌  ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ စုဆောင်း ထားရှိမှု၊ ရေရှောင်စခန်းများနှင့် ပြည်သူများထံ ဖြန့်ဖြူးပေးမှုနှင့် တိုင်းရင်းဆေးခန်း ဖွင့်လှစ်ထားရှိမှု တို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့ပြင် စစ်ကုန်းကျေးရွာ ကွပ်ကဲရေးရုံး၌ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကာ တလုတ္ထော်မြို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၌ ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာများနှင့် စားသောက်ဖွယ်ရာများ စုဆောင်း ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.