News and News Article Writing သင်တန်းဖွင့်လှစ် ပြန်ကြားရေးဝန်ကြီးဌာနမှ သင်တန်းသား သင်တန်းသူ ၃၀ တက်ရောက်
နေပြည်တော် ဩဂုတ် ၃၁
နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ ဆောင်ရွက်ချက်များကို ပြည်သူများသိရှိစေရန်၊ သတင်းနှင့် သတင်းဆောင်းပါးများ ရေးသားရာတွင် အတွေ့အကြုံများမျှဝေပြီး သတင်းတန်ဖိုး အကဲဖြတ်နိုင်စွမ်း ဖွံ့ဖြိုးစေရန်၊ ခေတ်မီဒီဂျစ်တယ် သတင်းတင်ဆက်မှု နည်းပညာများ လက်တွေ့သင်ကြားနိုင်ရန်၊ သတင်းမီဒီယာ ကျင့်ဝတ်နှင့်အညီ ပြောဆိုဆွေးနွေးနိုင်ရန်၊ လူမှု အသိုက်အဝန်းအတွက် အကျိုးပြု သည့် သတင်းမီဒီယာ၏ အခန်းကဏ္ဍ တိုးမြှင့်လာစေရန်နှင့် နိုင်ငံတကာသတင်းမီဒီယာ အဖွဲ့ အစည်းများနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်မှု မြှင့်တင်နိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် News and News Article Writing သင်တန်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur က ယခုသင်တန်းတွင် သတင်းနှင့် သတင်းဆောင်းပါး ရေးသားခြင်း၊ ပြန်လည်တုံ့ပြန် ချေပပြောဆိုမှု သတင်းဆန်းစစ်ချက်၊ မီဒီယာစောင့်ကြည့်လေ့လာမှု၊ ဒီဂျစ်တယ်ဆက်သွယ်ရေးနှင့် အကျပ်အတည်းဆိုင်ရာ ဆက်သွယ် ပြောဆိုမှုများစသည့် ကဏ္ဍများကို ထည့်သွင်း သင်ကြားပေးမည်ဖြစ်ပြီး မီဒီယာလုပ်ငန်းများအတွက် ဆန်းသစ်သော အသိအမြင်များကို ရရှိစေမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
မြှင့်တင်ဆောင်ရွက်
အလားတူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က သင်တန်းသား သင်တန်းသူများ အနေဖြင့် ယခုသင်တန်းမှရရှိသည့် သတင်းရေးသားရာတွင် လိုအပ်သော အသိပညာများ၊ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများ၊ နိုင်ငံတကာ စာနယ်ဇင်း ကျင့်ဝတ်များကို လေ့လာနိုင်ကြပြီး ပြည်သူများထံ တိကျမှန်ကန်သည့် သတင်းအချက်အလက်များ ရေးသားတင်ပြနိုင်မည်ဖြစ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၏ မီဒီယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရလဒ်ကောင်းများ ရရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ မီဒီယာကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုများမှ တစ်ဆင့် မြန်မာနိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှု ဆတက်ထမ်းပိုး မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဌာနတို့ ပူးပေါင်းပြီး India Technical and Economic Cooperation (ITEC) Programme အရ အဆိုပါ News and News Article Writing သင်တန်းကို ဩဂုတ် ၃၁ မှ စက်တင်ဘာ ၁၁ ရက်အထိ ဖွင့်လှစ် မည်ဖြစ်ကာ ပြန်ကြားရေးဝန်ကြီးဌာနမှ သင်တန်းသား သင်တန်းသူ ၃၀ တက်ရောက်ကြောင်းနှင့် အိန္ဒိယနိုင်ငံမှ မီဒီယာကျွမ်းကျင်သူ နည်းပြ နှစ်ဦးဖြင့် ဆွေးနွေးပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments