နည်းပညာကျွမ်းကျင်လူ့စွမ်းအားဖွံ့ဖြိုးရေးနှင့် စက်မှုလုပ်ငန်းနှင့် ချိတ်ဆက်နိုင်ရေး Project Show နှင့် Talk Show ကျင်းပ



နေပြည်တော် ဩဂုတ် ၂၈

Talk Show အစီအစဉ်သည် ပညာရေးနှင့် လုပ်ငန်းခွင်အကြားချိတ်ဆက်မှုကို နားလည်စေပြီး အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းများ၊ လုပ်ငန်းခွင်လိုအပ်ချက်များနှင့် လက်တွေ့ အတွေ့အကြုံများကို တိုက်ရိုက်မျှဝေပေးနိုင်မည်ဖြစ်သလို သင်ယူထားသောပညာရပ်များကို လက်တွေ့အသုံးချပြီး Project များမှတစ်ဆင့် စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ စွမ်းအင်၊ သတင်းအချက်အလက် နည်းပညာနှင့် လူမှုဘဝအတွက်အကျိုးရှိမည့် ဖြေရှင်းချက်များ ဖန်တီးပေးနိုင်မည်ဖြစ်ရာ ယနေ့တွင် အစိုးရနည်းပညာကောလိပ် (တောင်ဒဂုံ) တွင် Project Show နှင့် Talk Show များ ကျင်းပဆောင်ရွက်ခဲ့သည်။


ပြပွဲတွင် ဘာသာရပ်နယ်ပယ်အလိုက် Project စုစုပေါင်း ၁၉ ခု ခင်းကျင်းပြသထားပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ နေခြည်လဲ့လဲ့သိန်း၊ ပညာရှင်များ၊ အလုပ်အကိုင်အခွင့်အလမ်းများအတွက် ကုမ္ပဏီများ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ လာရောက်ကြည့်ရှုလေ့လာကြသည်။


ပြပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးက နည်းပညာ၊ ဆန်းသစ်တီထွင်မှု (Innovation) နှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး (Digital Transformation) တို့သည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အားဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် Artificial Intelligence (AI)၊ Digital Technology၊ Automation၊ Smart Systems နှင့် Green Technology စသည့် နည်းပညာများသည် လုပ်ငန်းခွင်နှင့် လူမှုဘဝတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လာသည့်အတွက် ကျောင်းသား ကျောင်းသူများအနေဖြင့် သင်ယူထားသောပညာရပ်များကို လက်တွေ့အသုံးချနိုင်ရေးနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များကလည်း အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။


ဆက်လက်၍ ခေတ်သစ်လုပ်ငန်းခွင်အတွက် အင်ဂျင်နီယာနည်းပညာရှင်တစ်ဦး၏ မကုန်ဆုံးနိုင်သော လေ့လာမှုခေါင်းစဉ်ဖြင့် Panel Discussion ဆွေးနွေးခြင်း၊ China Harbour Engineering Company Limited (CHEC) ကုမ္ပဏီအကြောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ မိတ်ဆက်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။


ယမန်နေ့ကလည်း ဒုတိယဝန်ကြီးသည် အစိုးရစက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ) နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ၌ အင်ဂျင်နီယာဘာသာရပ်အလိုက် လက်တွေ့ခန်းများနှင့် အလုပ်ရုံများတွင် လက်တွေ့ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.