YCDC ပြင်ပဓာတ်အားလိုင်း အဆင့်မြှင့်တင်မှုကြောင့် ရန်ကုန်မြို့ရှိ မြို့နယ် ၁၂ ခုတွင် ရေပေးဝေရေး ယာယီပြတ်တောက်မည်
ရန်ကုန် ဩဂုတ် ၆
YCDC ပြင်ပဓာတ်အားလိုင်း အဆင့်မြှင့်တင်မှုကြောင့် ရန်ကုန်မြို့ရှိ မြို့နယ် ၁၂ ခုတွင် ရေပေးဝေရေး ယာယီပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ(YCDC)သည် ရေကူး ရေတွန်းစက်ရုံသို့ လျှပ်စစ်ဓာတ်အား ပိုမိုတည်ငြိမ်စွာ ပေးဝေနိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC)ပိုင် မြောက်ကမ္ဘာအေး ဓာတ်အားခွဲရုံ၌ 33 kV Auto Recloser တပ်ဆင်ရေး လုပ်ငန်းဆောင်ရွက်မည်ဖြစ်ရာ ရန်ကုန်မြို့ရှိ မြို့နယ် ၁၂ ခုတွင် ရေပေးဝေရေး ယာယီပြတ်တောက်ခြင်း သို့မဟုတ် ရေအားနည်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း အသိပေး ထုတ်ပြန်သည်။
အဆိုပါလုပ်ငန်းကို ဩဂုတ် ၇ ရက် နံနက် ၁၀ နာရီ မှ မွန်းလွဲ ၂ နာရီအထိ လေးနာရီကြာ ဆောင်ရွက်မည်ဖြစ်ပြီး ယင်းကာလအတွင်း မရမ်းကုန်းမြို့နယ်ရှိ ရေကူးရေတွန်းစက်ရုံ၏ ရေတွန်းစက်များကို ယာယီ ရပ်နားထားမည်ဖြစ်သည်။
ထို့ကြောင့် မရမ်းကုန်း၊ ကမာရွတ်၊ ရန်ကင်း၊ တာမွေ၊ ဗဟန်း၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ဒဂုံ၊ လမ်းမတော်၊ လသာနှင့် ပန်းဘဲတန်းမြို့နယ်တို့တွင် ရေပေးဝေရေး ပြတ်တောက်ခြင်း သို့မဟုတ် ရေအားနည်းခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ရေသုံးစွဲသူများအနေဖြင့် လိုအပ်သည့် ရေကို ကြိုတင်စုဆောင်းထားကြရန် YCDC က တိုက်တွန်းထားသည်။ထို့ပြင် ရေသုံးစွဲရာတွင် အခက်အခဲများကြုံတွေ့ပါက သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်ရေပေးရေးတာဝန်ခံများထံ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း YCDC မှ အသိပေးထားသည်။
TWA

No comments