စက်ချွတ်ယွင်းမှုကြောင့် ANA ခရီးသည်တင်လေယာဉ် အိုကီနာဝါရှိ နာဟာလေဆိပ်သို့ အရေးပေါ်ဆင်းသက်
တိုကျို စက်တင်ဘာ ၂၄
All Nippon Airways (ANA) လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် တစ်စင်းသည် ပျံတက်ပြီးနောက် မကြာမီစက်ချို့ယွင်းမှုကြောင့်
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း အိုကီနာဝါရှိ နာဟာလေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရပြီး လေယာဉ်ပေါ်ပါခရီးသည်များကို ဘေးကင်းရာသို့
ရွှေ့ပြောင်းစဉ် ခရီးသည်သုံးဦး အသေးစားဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
Flight 1502 သည် ကျူရှူးဒေသရှိ ဆာဂါလေဆိပ်သို့ ဦးတည်ပျံသန်းလာခြင်းဖြစ်သည်။ စက်တင်ဘာ ၂၃
ရက် လေယာဉ်ပျံတက်ပြီးနောက် ည ၉ နာရီဝန်းကျင်တွင် ညာဘက်အင်ဂျင်ဆီအပူချိန် မြင့်တက်နေကြောင်း လေယာဉ်မှူးတစ်ဦးက သတိပြုမိခဲ့သည်။
လေယာဉ်သည် ည ၁၀ နာရီဝန်းကျင်တွင် နာဟာလေဆိပ်သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။
ခရီးသည် ၁၅၂ ဦးနှင့် လေယာဉ် အမှုထမ်းခြောက်ဦးတို့သည် လေယာဉ်မှဆင်းသက်ရန် အရေးပေါ် လျှောများကို အသုံးပြုခဲ့ကြသည်။
မီးသတ်ယာဉ်များ စောင့်ဆိုင်းထားခဲ့သော်လည်း မီးခိုးထွက်ခြင်းနှင့် မီးလောင်ခြင်းတို့ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရသည်။
ဂျပန်နိုင်ငံ သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံရေးဘုတ်အဖွဲ့က အဆိုပါဖြစ်စဉ်ကို ပြင်းထန်သောဖြစ်စဉ်တစ်ရပ်အဖြစ် သတ်မှတ်ခဲ့ပြီး ယင်းနေရာသို့ စုံစမ်းစစ်ဆေးသူနှစ်ဦး စေလွှတ်ရန် စီစဉ်ထားကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ

No comments