ရုရှားဖက်ဒရေးရှင်းနိုင်ငံ (၉)ကြိမ်မြောက် ဒူးမားလွှတ်တော်ရွေးကောက်ပွဲသို့ သွားရောက်လေ့လာခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ
နေပြည်တော် စက်တင်ဘာ ၂၂
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ (၉)ကြိမ်မြောက် ဒူးမားလွှတ်တော် ရွေးကောက်ပွဲသို့ စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက် အထိ လေ့လာရေးခရီး သွားရောက်ခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးနှင့်အဖွဲ့သည် ယနေ့ညနေ ၄ နာရီခွဲတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက် ရှိသည်။
ပါဝင်တက်ရောက်
လေ့လာရေးခရီးစဉ်အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Mr. Pavel Andreev နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်နိုင်မည့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ် များအပေါ် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခြင်း၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် သတင်းအချက်အလက်စင်တာသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ဆောင်ရွက်ပုံနည်းလမ်းများကို လေ့လာခြင်း၊ ပြည်သူ့ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးဌာနချုပ် (Public Election Observation Head Quarters) သို့ သွားရောက်လေ့လာခြင်းနှင့် စက်တင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် “Elections in Times of Turbulence” ခေါင်းစဉ်ဖြင့် ကျင်းပသည့် အပြည်ပြည် ဆိုင်ရာညီလာခံသို့ ပါဝင်တက်ရောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၈ ရက်မှ ၂၀ ရက်အတွင်း မော်စကိုမြို့ Central Administrative Okrug ၊ Tagansky District ရှိ မဲရုံ အမှတ် ၁၈၂၊ Southern Administrative Okrug၊ Donskoy District ရှိ မဲရုံအမှတ် ၁၇၇၂ နှင့် ၁၇၇၉၊ Moscow Oblast၊ Klinsky District ရှိ မဲရုံအမှတ် ၈၈၂၊ ၈၈၃ နှင့် ၈၈၄ တို့သို့ သွားရောက်လေ့လာခဲ့ပြီး မဲလက်မှတ်အသုံးပြု မဲပေးနေမှု၊ E-Voting စနစ်ဖြင့် မဲပေးနေမှုတို့ကို လေ့လာကြည့်ရှု၍ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ မဲဆန္ဒရှင်စာရင်းစစ်ဆေးသည့် အဆင့်မှသည် မဲပုံးအတွင်းသို့ မဲစာရွက်ထည့်သည့် အဆင့်အထိ အသေးစိတ်လေ့လာကာ မဲရုံဆောင်ရွက်နေမှု အခြေအနေများကို CCTV ဖြင့် စောင့်ကြည့် လေ့လာနေမှုတို့ကိုလည်း လေ့လာကြည့်ရှုခဲ့သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ (၉)ကြိမ်မြောက် ဒူးမားလွှတ်တော်ရွေးကောက်ပွဲတွင် မဲရုံပေါင်း ၉၁၀၀၀ ကျော်၊ မဲဆန္ဒရှင်စုစုပေါင်း ၁၁၁ သန်းကျော် ရှိပြီး တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ် လောင်း များနှင့် နိုင်ငံရေးပါတီ ၁၁ ပါတီတို့မှ လွှတ်တော် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅၂၀၂၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
စက်တင်ဘာ ၂၁ ရက်တွင် ကိုယ်စားလှယ်အဖွဲ့သည် ဗဟိုရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ကျင်းပသည့် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့များ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမား လွှတ်တော်ရွေးကောက်ပွဲအား စောင့်ကြည့်လေ့လာခဲ့ခြင်းနှင့် စပ်လျဉ်းသည့် သုံးသပ်ချက်နှင့် အမြင်ချင်း ဖလှယ်ဆွေးနွေးခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ က မှတ်ချက်ပြုပြောကြားရာတွင် မိမိတို့အနေဖြင့် နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများအဖြစ် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို လေ့လာခဲ့ရာတွင် မဲရုံများနှင့် မဲပေးရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများသည် စနစ်ကျနမှုရှိပြီး မဲဆန္ဒရှင်များအနေဖြင့် မည်သည့်နှောင့်ယှက်ဖျက်ဆီးမှု၊ ခြိမ်းခြောက်မှုမျှ မရှိဘဲ မိမိတို့၏မဲပေးပိုင်ခွင့်ကို လွတ်လပ်စွာကျင့်သုံး နိုင်သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ မဲရုံတာဝန်ရှိသူများ အနေဖြင့် မဲပေးခြင်းနှင့် မဲရေတွက်ခြင်းလုပ်ငန်းစဉ်များကို သတ်မှတ်ထားသည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ စေ့စပ်တိကျစွာ ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်တစ်လျှောက် ပွင့်လင်းမြင်သာမှုရှိပြီး E-voting စနစ်များ၊ Portable Electronic Voting Machine များကိုလည်း အသုံးပြု ထားသည့်အတွက် မဲဆန္ဒရှင်များအနေဖြင့် ပိုမို လွယ်ကူချောမွေ့စွာ မဲပေးနိုင်သည်ကိုလည်း လေ့လာ တွေ့ရှိခဲ့ရပါကြောင်း၊ ကျန်းမာရေးမကောင်းသူ များနှင့် မသန်စွမ်းသူများအတွက် နေအိမ်မှ မဲပေးခြင်း (Home Voting) စနစ် ဆောင်ရွက်ပေး ထားရာ မဲဆန္ဒရှင်များအတွက် အဆင်ပြေစေပြီး မဲပေးမှုရာခိုင်နှုန်း ပိုမိုတိုးတက်စေသည့် စနစ်တစ်ခုအဖြစ် လေ့လာခဲ့ရပါကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိ ရသကဲ့သို့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များသည်လည်း ၎င်းတို့၏တာဝန်များကို စနစ်တကျ ဆောင်ရွက်နေသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ဒူးမား လွှတ်တော်ရွေးကောက်ပွဲသည် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ အေးချမ်းစွာကျင်းပနိုင်ခဲ့ပြီး လွတ်လပ်မျှတကာ ပွင့်လင်းမြင်သာမှု အပြည့်ရှိသည်ကို တွေ့ရှိရပါကြောင်း ပြောကြားခဲ့သည်။
မှတ်ချက်ပြုပြောကြား
ယင်းအခမ်းအနားတွင် လွတ်လပ်သော ဓနသဟာယနိုင်ငံများအဖွဲ့(CIS)၊ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO)တို့မှ လေ့လာစောင့်ကြည့် ရေးအဖွဲ့များ၊ မြန်မာနိုင်ငံအပါအဝင် ဗင်နီဇွဲလား၊ မာလီ၊ ဘာရိန်း၊ အဘ်ခါဇီးယား၊ တာဂျစ်ကစ္စတန်၊ ဘယ်လာရုစ်၊ ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်၊ ကာဂျစ်စတန်၊ မော်လဒိုက်၊ သီရိလင်္ကာ၊ ဗဟိုအာဖရိက သမ္မတနိုင်ငံ (CAR)၊ အီကွေဒေါ၊ တွန်ဂါ၊ တောင်ဆူဒန်၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) နှင့် မာဒါ ဂတ်စကာနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များ၊ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် ဗဟို အာဖရိက စီးပွားရေးနှင့်ငွေကြေးအသိုက်အဝန်း လူငယ်များသမဂ္ဂ (UJ-CEMAC) တို့မှ ကိုယ်စားလှယ် အဖွဲ့များက မှတ်ချက်ပြုပြောကြားခဲ့သည်။
လေ့လာရေးခရီးစဉ်အတွင်း ကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ရိုးရာအကအလှများကိုလည်း လေ့လာခွင့်ရရှိခဲ့ပြီး အထင်ကရနေရာများသို့လည်း လှည့်လည်ကြည့်ရှုခွင့်ရရှိခဲ့သည်။ (၉) ကြိမ်မြောက် ဒူးမားလွှတ်တော်ရွေးကောက်ပွဲသို့ နိုင်ငံပေါင်း ၁၃၃ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၃ ခုမှ ရွေးကောက်ပွဲ လေ့လာသူ ၁၁၂၆ ဦး၊ နိုင်ငံပေါင်း ၅၃ နိုင်ငံမှ နိုင်ငံတကာသံတမန် ၁၂၈ ဦး လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


No comments