လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ

 


နေပြည်တော် စက်တင်ဘာ ၂၂

 

နိုင်ငံ့ထုတ်ကုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးထွက်ကုန်အခြေခံသည့် စက်မှုလုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ္ဍာရေးဝန်ဆောင်မှုများရရှိရေး၊ ရင်းနှီးမြှုပ်နှံမှုတိုးတက်ရေး၊ နည်းပညာရရှိရေးနှင့် ပြည်ပပို့ကုန်တိုးတက်တင်ပို့နိုင်ရေး ရည်ရွယ်ချက်များဖြင့်ကျင်းပသည့် “လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန် တိုးတက်မှုသို့ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ၏ ကဏ္ဍအလိုက်စာတမ်းဖတ်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) ၌ ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပသည်။

 

နံနက်ပိုင်းတွင်ကျင်းပသည့် ကဏ္ဍအလိုက် စာတမ်းဖတ်ပွဲများတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းနှင့် ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်း၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းတို့ဦးဆောင်သော သဘာပတိအဖွဲ့များက လယ်ယာ၊ သားငါး၊ စက်မှု၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်ကဏ္ဍတို့မှ နိုင်ငံ့ထုတ်ကုန်တိုးမြှင့်ရေးတို့အတွက် ကဏ္ဍအလိုက် လက်ရှိဆောင်ရွက်မှုအခြေအနေနှင့် ပြုပြင်ပြောင်းလဲမှုဆောင်ရွက်သင့်သည့် အခြေအနေများကိုဆွေးနွေးကြပြီး တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

 

မွန်းလွဲပိုင်းတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးစီး၍ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့ပါဝင်သော ဦးဆောင်သဘာပတိအဖွဲ့က အလုပ်ရုံဆွေးနွေးပွဲတွင် ကဏ္ဍအလိုက်ဖတ်ကြားခဲ့ကြသော စာတမ်းများအပေါ် သုံးသပ်ဆွေးနွေးကြပြီး မီဒီယာများ၏ မေးမြန်းချက်များကိုဖြေကြားကာ အကောင်အထည်ဖော်ဆောင်ရွက်သင့်သည့် ရှေ့လုပ်ငန်းစဉ်များကို အတည်ပြုကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က နိဂုံးချုပ်အမှာစကားပြောကြားပြီး “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.