ရော်ဘာစိုက်တောင်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပပို့ကုန်အခွင့်အလမ်း



ဝေယံလင်း(တာချီလိတ်) 


ရော်ဘာသည် စက်မှုလုပ်ငန်းများ၊ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံကုန်ကြမ်းပစ္စည်း ဖြစ်ပါသည်။ ထို့အပြင်ပြည်ပနိုင်ငံဈေးကွက်သို့ တင်ပို့ရောင်းချနိုင်သည့်အတွက် ပို့ကုန်ကဏ္ဍမှ ဝင်ငွေတိုးတက်ရရှိစေပါသည်။

 

မြန်မာနိုင်ငံတွင် အဓိက ရော်ဘာထွက်ရှိရာ ဒေသများဖြစ်သည့် မွန်၊ ကရင်၊ ရှမ်းပြည်နယ်၊ တနင်္သာရီ၊ ပဲခူးတိုင်းဒေသကြီးနှင့် အခြားဒေသတို့မှ ရော်ဘာထွက်ရှိပြီး ပြည်ပနိုင်ငံများသို့ တင်ပို့လျက် ရှိပါသည်။

ရော်ဘာပင်သည် မိုးကောင်း၍ ပူအိုက်စွတ်စိုသော မုတ်သုံရာသီဥတုကို ကြိုက်နှစ်သက်သည့် အပင်အမျိုးအစားဖြစ်သဖြင့် မြန်မာနိုင်ငံ၌ စိုက်ပျိုးရန် အထူးသင့်လျော်ပါသည်။ ကမ္ဘာ့ရော်ဘာ ထွက်ရှိ မှု၏ ၈၀ ရာခိုင်နှုန်းကျော်ခန့်သည် အရှေ့တောင် အာရှနိုင်ငံများဖြစ်ပြီး ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ မြန်မာ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့တွင် စိုက်ပျိုးထုတ်လုပ် ကြပါသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ အနေအထားအရ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုမှာ ပိုမိုအားကောင်းလျက် ရှိပြီး ရန်ကုန်၊ ဧရာဝတီ၊ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ရခိုင်၊ ရှမ်း ပြည်နယ်တို့တွင် ပိုမိုတိုးချဲ့စိုက်ပျိုးလျက်ရှိပါ သည်။

 

ရော်ဘာတွင် သဘာဝရော်ဘာပင်၏ အခေါက်ကို ခြစ်ပေးရာမှ ထွက်ရှိလာသည့် ရော်ဘာနို့စိမ်းနှင့် ဓာတုရော်ဘာအဖြစ် ရေနံနှင့် ဓာတုဗေဒ ပိုလီမာများမှ စက်ရုံများတွင် သဘာဝရော်ဘာ၏ ဂုဏ်သတ္တိ များကို တုပထုတ်လုပ်ထားသည့် ရော်ဘာဟူ၍နှစ်မျိုးရှိပါသည်။ မြန်မာနိုင်ငံတွင် သဘာဝရော်ဘာများ အဖြစ် ရော်ဘာနို့စိမ်းများကို RSS (Ribbed Smoked Sheet) အက်စစ်ဖြင့် ခဲစေပြီး မှိုင်းတိုက်ထားသည့် ရော်ဘာပြားများ၊ TSR/ Block Rubber (Techni-cally Specified Rubber)အဖြစ် စက်ရုံများတွင် နည်းပညာစံချိန်စံညွှန်းများဖြင့် အတုံးလိုက် ကြိတ်ခွဲထုတ်လုပ်ထားသော ရော်ဘာတုံးများနှင့် Latex Concentrate အရည်ပုံစံအတိုင်း ပျစ်အားမြှင့်ထားသော ရော်ဘာနို့စိမ်းများအဖြစ် အဓိကပုံစံ နှစ်မျိုး တို့ကို ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့လျက် ရှိပါသည်။

 

ရော်ဘာများကို အမြင်အာရုံစစ်ဆေးမှုအရ သန့်ရှင်းမှု၊ အစွန်းအထင်းနှင့် မှိုပါဝင်မှုအပေါ် မူတည်၍ မှိုင်းတိုက်ရော်ဘာပြား Rubber Smoked Sheet (RSS)1,(RSS) 2,(RSS)3,(RSS)4, (RSS)5 ဟူ၍ အမျိုးအစား ငါးမျိုး ခွဲခြားတွေ့ရှိနိုင်မည်ဖြစ်ပါသည်။

 

(RSS)1 မှာ အဆင့်အတန်းမြင့်မားခြင်း၊ သန့်ရှင်း ခြင်း၊ အစွန်းအထင်း လုံးဝမရှိခြင်း စသည့် ဂုဏ်သတ္တိ များဖြင့် ဆေးဝါးနှင့် ဆေးရုံသုံးပစ္စည်းများတွင် အသုံးပြုမှုကို တွေ့ရပါသည်။ (RSS)2 မှာ အရည် အသွေးကောင်းခြင်း၊ အစွန်းအထင်း အနည်းငယ်သာပါရှိခြင်းစသည့် ဂုဏ်သတ္တိများဖြင့် စက်မှုလုပ်ငန်း သုံး ရော်ဘာပစ္စည်းများ၊ အဆင့်မြင့်တာယာများတွင် တွေ့မြင်နိုင်ပါသည်။

 

(RSS)3 မှာ အသင့်အတင့် အရည်အသွေး ကောင်းမွန်ခြင်း၊ ကမ္ဘာ့အဆင့် အရောင်းအဝယ် အများဆုံးဖြစ်ခြင်း စသည့်ဂုဏ်သတ္တိများဖြင့် မော်တော်ယာဉ် တာယာများတွင် တွေ့ရပါသည်။ (RSS)4 မှာ အရောင်ရင့်ခြင်း၊ အစွန်းနှင့် လေပူဖောင်းအနည်းငယ်ပါရှိခြင်း စသည့်ဂုဏ်သတ္တိများဖြင့် ဖိနပ်အလွှာများ၊ ကြမ်းခင်းရော်ဘာ၊ တာယာအစိတ် အပိုင်းများတွင် တွေ့ရပါသည်။ (RSS)5 မှာ အရည် အသွေးနိမ့်ခြင်း၊ အစွန်းအထင်းများ ပါရှိခြင်းစသည့် ဂုဏ်သတ္တိများဖြင့် ဈေးနည်းရော်ဘာကုန်ကြမ်း များအဖြစ် ထုတ်လုပ်သုံးစွဲနေသည်ကို တွေ့ရမည်ဖြစ်သည်။

 

ယနေ့ကာလတွင် မြန်မာနိုင်ငံမှ ရော်ဘာများကို ပြည်ပတင်ပို့မှုနှင့် တာယာစက်ရုံကြီးများ၏ ဈေးကွက် လိုအပ်ချက်နှင့် တောင်းဆိုချက်များအရ (Myanmar Standard Rubber) MSR ၏ အခန်း ကဏ္ဍသည် တစ်ဟုန်ထိုး တိုးတက်မြင့်မားလာရာ ရော်ဘာ၌ အညစ်အကြေးပါဝင်မှုအပေါ် မူတည်၍ MSR 10 (အညစ်အကြေးပါဝင်မှု - ၀ ဒသမ ၁၀ ရာခိုင်နှုန်း)နှင့် MSR 20 (အညစ်အကြေးပါဝင်မှု - ၀ ဒသမ ၂၀ ရာခိုင်နှုန်း)ဟူ၍ ခွဲခြားထားသည်ကို တွေ့ရမည်ဖြစ်သည်။

 

MSR 20 (အညစ်အကြေးပါဝင်မှု ၀ ဒသမ ၂၀ ရာခိုင်နှုန်း)သည် ဈေးနှုန်းသင့်တင့်ပြီး ကမ္ဘာ့တာယာ စက်ရုံကြီးများ၏ လိုအပ်ချက်နှင့် အတိကျဆုံး၊ အရောင်းရဆုံး ရော်ဘာတုံး အမျိုးအစားအဖြစ် တည်ရှိ နေသည်ဟု သိရပါသည်။ ထို့အတွက်ရော်ဘာ စိုက်ပျိုးသူများ၊ ရော်ဘာလုပ်ငန်းရှင်များအနေဖြင့် ပြည်ပနိုင်ငံများ၏ ဈေးကွက်ဝယ်လိုအားနှင့် ဈေးနှုန်းမြင့်မားစွာ ရရှိနိုင်မည့် Myanmar Stan-dard Rubber(MSR)အဆင့် အရည်အသွေးမြင့် ရော်ဘာများအဖြစ် ထုတ်လုပ်တင်ပို့ပါက ဝင်ငွေပိုမိုရရှိမည် ဖြစ်ပါသည်။

 

ပြည်တွင်းပြည်ပတွင် ရော်ဘာများကို မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ စက်ဘီးလုပ်ငန်း ကဏ္ဍများ၏ တာယာများ၊ ကျွတ်များ၊ ထိုင်ခုံများ၊ ကျန်းမာရေးနှင့် ဆေးဝါးကဏ္ဍများတွင် ဆေးရုံသုံး လက်အိတ်များ၊ ပိုက်လိုင်းများ၊ ဆေးထိုး အပ်များ၊ လူသုံးကုန်ပစ္စည်းများအဖြစ် ဖိနပ်အောက်ခံများ၊ ဘောလုံးများ၊ မွေ့ရာအခင်းများ၊ စက်မှုလုပ်ငန်းကဏ္ဍများတွင် ရေပိုက်များ၊ ကွန်ဗေယာ ဘယ်လ်ကြိုးများ (Conveyor Belts) နှင့်အခြား ပစ္စည်းများကို ထုတ်လုပ်သုံးစွဲနေကြပါသည်။ ယင်းကုန်ပစ္စည်းများသည်လည်း အချိန်နှင့်အမျှ လိုအပ်နေသည့် မရှိမဖြစ် ပစ္စည်းများပင် ဖြစ်ပါသည်။

 

အလျဉ်းသင့်၍ တင်ပြရလျှင် မှိုင်းတိုက်ရော်ဘာပြားများကို ရော်ဘာပင်မှ ခြစ်ယူရရှိသည့် နို့စိမ်းအား သစ်ရွက်အမှိုက်များ စစ်ထုတ်ခြင်း၊ ဖောမစ်အက်စစ်အား အချိုးကျရောစပ်၍ သုံးနာရီမှ လေးနာရီအထိ ငြိမ်အောင်ထားရှိ ဆောင်ရွက်ပြီးခဲစေခြင်းဖြစ်သည်။ ထို့နောက် ကြိတ်စက်ဖြင့် အဆင့်ဆင့်ကြိတ်ယူ၍ ရော်ဘာပြားများကို မှိုင်းရုံ (Smoke House)တွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်မှ ၆၀ ဒီဂရီစင်တီဂရိတ် အတွင်း ထင်းမီးဖြင့် မှိုင်းတိုက်ကာ ခြောက်သွေ့စေပြီး တစ်ခုနှင့်တစ်ခု ကပ်မသွားစေရန် အစင်း ကြောင်းပါ ရော်ဘာအပြားများပြုလုပ်၍ အစိုဓာတ်ခန်းခြောက်စေကာ အတုံးလိုက် (Bale)ပုံစံ ထုပ်ပိုးသည်။

 

Myanmar Standard Rubber(MSR)များကို စက်ရုံကြီးများ၌ အပူချိန် ၁၁၀ ဒီဂရီစင်တီဂရိတ်မှ ၁၂၀ ဒီဂရီစင်တီဂရိတ်အထိ ရှိသော ပူပြင်းသည့် အခြောက်ခံဖိုများဖြင့် ဖြတ်သန်းကာ ဓာတ်ခွဲခန်းသုံး စံချိန်စံညွှန်းစစ်ဆေးမှုများအပြီးတွင် တစ်တုံး လျှင် ၃၄ ဒသမ ၇ ကီလိုဂရမ်ရှိသော (MSR)အတုံး များအဖြစ် ဖိသိပ်ထုပ်ပိုး၍ ပြည်ပသို့ တင်ပို့ရောင်းချသည်ကို တွေ့ရပါသည်။

 

ဈေးကွက်ဝယ်လိုအားနှင့် နယ်စပ်ပို့ကုန် လမ်းကြောင်းမှမြန်မာ့ MSR 10 နှင့် MSR 20 ရော်ဘာများ၏ ၇၀ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံမှ အဓိကဝယ်ယူလျက်ရှိပြီး မလေးရှား၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သို့ တိုက်ရိုက် (သို့မဟုတ်) နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ တစ်ဆင့် စဉ်ဆက်မပြတ်တင်ပို့ လျက်ရှိပါသည်။

 

မြန်မာနိုင်ငံအတွင်း ရော်ဘာကို ရှမ်းပြည်နယ်အပါအဝင် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များတွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိသလို အထူးသဖြင့်ရှမ်းပြည်နယ်(အရှေ့ပိုင်း)၌ စိုက်ပျိုးထုတ်လုပ်နေမှုကို တင်ပြလိုပါသည်။ ယနေ့ကာလတွင် နယ်စပ်ပို့ကုန်လုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက် နိုင်သည့် တာချီလိတ်ခရိုင်အတွင်း ရော်ဘာစိုက်ဧက ၂၀၆၄၉ ဧက၊ မိုင်းယောင်းခရိုင်တွင် ၆၂၉၃ ဧက၊ မိုင်းယုမြို့တွင် အထူးဒေသ(၄)အပါအဝင် ၁၂၅၇၁ ဧက ရှိကြောင်း သက်ဆိုင်ရာစာရင်းများအရ သိရ ပါသည်။

 

ယင်းစိုက်ပျိုးဧကများမှ ထွက်ရှိသည့် ရော်ဘာများကို နိုင်ငံတကာတွင် ဈေးကွက်ဝယ်လိုအားနှင့် ဈေးနှုန်းမြင့်မားစွာ ရရှိနိုင်သည့် Myanmar Stan-dard Rubber(MSR) များအဖြစ် ထုတ်လုပ်၍ မဲခေါင်မြစ်၏ ရေလမ်းကြောင်းကို အသုံးပြုကာ တရုတ်၊ ထိုင်း၊ လာအိုနိုင်ငံတို့မှတစ်ဆင့် ကုန်သွယ်မှု ထွက်ပေါက်များကို ရှာဖွေပြီး နိုင်ငံတကာသို့ တင်ပို့နိုင်လျှင် ဒေသတွင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက် ရုံသာမက နိုင်ငံတော်အတွက် ဝင်ငွေများစွာရရှိနိုင် မည်ဖြစ်ပါသည်။

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ထွက်ရှိသည့် ရော်ဘာများကို ပြည်ပသို့ တင်ပို့နိုင်မှုအနေဖြင့် တာချီလိတ် ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မက်ထရစ် တန် ၆၈၀ ဖြစ်ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သုည ဒသမ ၅၆၉ ဒေါ်လာသန်း၊ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တန် ၁၄၀ တန်ဖိုးအားဖြင့် သုည ဒသမ ၂၀၉ ဒေါ်လာသန်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ၁၆၄ တန်၊ တန်ဖိုးအားဖြင့် သုည ဒသမ ၂၁၆ ဒေါ်လာသန်း အသီးသီးတင်ပို့ နိုင်ခဲ့ကြောင်း သိရှိရပါသည်။

 

မြန်မာ့ရော်ဘာများ ပြည်ပသို့ ကုန်ကြမ်းများတင်ပို့နိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိနိုင်ပြီး ပြည်တွင်း စက်မှုကဏ္ဍတိုးတက်လာစေရေးအတွက် အဆင့်မြင့်ရော်ဘာများ တင်ပို့ထုတ်လုပ်နိုင်ခြင်း၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိကာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေခြင်းစသည့် အကျိုးကျေးဇူးများ မလွဲဧကန် ရရှိမည်ဖြစ်ပါသည်။ ထို့အပြင်တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းစနစ်ဖြင့် ဈေးကွက်များ ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။

 

 မြန်မာ့ရော်ဘာများကို အဆင့်မြှင့်တင်၍ တင်ပို့ခြင်းနှင့် တန်ဖိုးမြှင့်ကုန်ချောပစ္စည်းများ ထုတ်လုပ် နိုင်ရန်အတွက် စက်ရုံ၊ အလုပ်ရုံများ ထူထောင်နိုင်ရန်လည်း လွန်စွာအရေးကြီးလှပါသည်။

 

ထိုသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း စက်ရုံ အလုပ်ရုံများ ထူထောင်နိုင်ပါက ရော်ဘာအဆင့်မြှင့် တင်ခြင်းနှင့် ကုန်ချောပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်မည့် ရော်ဘာစေးကုန်ကြမ်း ပစ္စည်းများပေါများခြင်း၊ လိုအပ်သည့် လျှပ်စစ်ဓာတ်အားနှင့် မြေနေရာများရှိခြင်း၊ အခြေခံ အဆောက်အအုံများ ဆောက်လုပ်ရန် လုပ်ငန်းသုံးပစ္စည်းများ လွယ်ကူစွာ ရရှိနိုင်မည်ဖြစ်ခြင်း၊ ရင်းနှီး မြှုပ်နှံမှု ဆွဲဆောင်အားရှိခြင်း၊ နိုင်ငံတကာသို့ ထိုးဖောက်တင်ပို့နိုင်ရန် ကုန်သွယ်မှုလမ်းကြောင်းများ ကောင်းမွန်စွာရှိနေခြင်း စသည့်အခွင့် အလမ်းကောင်းများကို ပိုင်ဆိုင်ထားရှိသည့်ဒေသ ဖြစ်ပါသည်။

 

ယင်းသို့ အခွင့်အလမ်းကောင်းများ များစွာရှိနေသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ရော်ဘာအဆင့် မြှင့်တင်နိုင်သည့် စက်ရုံ၊ အလုပ်ရုံများ ထူထောင်နိုင်ပါက ရော်ဘာစိုက်ပျိုးသူများ ဈေးကွက် ခိုင်မာစွာ ရရှိနိုင်ခြင်းနှင့်အတူ ဒေသတွင်း ပြည်သူများ ဝင်ငွေတိုးတက်ရရှိနိုင်ခြင်း၊ နိုင်ငံတော်အတွက် နိုင်ငံခြား ဝင်ငွေနှင့် ကုန်သွယ်မှု အခွင့်အလမ်းကောင်းများ များစွာဖြစ်ထွန်းလာမည်ဖြစ်ပါသည်။ ထို့ပြင် ပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးနှင့် စက်မှုကုန်ချောများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSMEs) ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက်လည်း တစ်ဖက်တစ်လမ်းမှ များစွာ အထောက်အကူပြုစေမည်ဖြစ်ပါသည်။

 

တာချီလိတ်ခရိုင်အတွင်း ရော်ဘာစိုက်ပျိုး ထုတ်လုပ်မှုနှင့် ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်ရေးတို့ အတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ကုန်သွယ်ရေးဦးစီးဌာန၊ တာချီလိတ်ကုန်သွယ် ရေးစခန်း(မယ်ယန်း)မှ ညွှန်ကြားရေးမှူးနှင့် သက်ဆိုင်ရာဌာနများက ရော်ဘာစိုက်ပျိုးထုတ်လုပ် သူများ၊ ပြည်ပပို့ကုန်တင်ပို့နေသည့် လုပ်ငန်းရှင်များအား သတ်မှတ်ချက်များနှင့်အညီ ဖြစ်စေရေး အသိပေးမှုများလည်း ဆောင်ရွက်လျက်ရှိပါ သည်။

 

ထိုသို့အသိပေးဆွေးနွေးရာတွင် စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်စေသည့် နည်းလမ်းများ၊ ပြည်ပ ဝယ်လိုအားနှင့် ရော်ဘာအမျိုးအစားအလိုက် ဈေးကွက်များ၊ ကုန်သွယ်မှုဆိုင်ရာ မူဝါဒများ၊ ပင်ရင်းသက်သေခံ လက်မှတ်ဆိုင်ရာများနှင့် ဘဏ္ဍာရေးနှစ်အလိုက် နယ်စပ်မှ ပြည်ပသို့ ရော်ဘာတင်ပို့ နိုင်မှုတို့ကို သိရှိဆောင်ရွက်နိုင်ရေး ရှင်းလင်း ဆွေးနွေးပေးလျက်ရှိပါသည်။

 

မြန်မာ့ရော်ဘာများကို အဆင့်အတန်းနှင့် အရည်အသွေးမြင့်မားသည့် Myanmar Standard Rubber (MSR) အဖြစ် ထုတ်လုပ်တင်ပို့နိုင်သည့် ရော်ဘာသန့်စင်စက်ရုံကြီးများ တည်ဆောက်၍ နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်နိုင်သည့် လမ်းကြောင်းများတည်ရှိရာ ကြီးမားသည့် အခွင့် အရေးကောင်းများ ပိုင်ဆိုင်ထားသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသသည်လည်း အပါအဝင် ဖြစ်ပါသည်။

 

ထို အလားအလာကောင်း အခွင့်အလမ်းကောင်း ဖြစ်တည်မှုများသည် တစ်ကြိမ်တစ်ဖန် ပြန်လည် ရရှိရန် ခက်ခဲနိုင်သည်ဖြစ်ရာ ဒေသတွင်းနေ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ၊ ကုန်သည်စီးပွား ရေးလုပ်ငန်းရှင်များ၊ ပြည်သူများ၊ သက်ဆိုင်ရာ ဌာနများက လက်တွဲညီညီ ဝိုင်းဝန်းကြိုးစားဆောင် ရွက်လျှင် ဒေသတွင်း ပြည်သူများ၏ အကျိုးစီးပွားနှင့် နိုင်ငံတော်၏ အကျိုးစီးပွားများ ပိုမိုဖွံ့ဖြိုး တိုးတက်စေရေးတို့အတွက် များစွာအထောက်အကူပြုစေမည် ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

No comments

Powered by Blogger.