လက်ရှိချန်ပီယံ အာဆင်နယ်က ချယ်ဆီးကို အနိုင်ယူ

 


လက်ရှိချန်ပီယံ အာဆင်နယ်အသင်းသည် စက်တင်ဘာ ၆ ရက် ညပိုင်းက အမ်းမရိတ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ်()တွင် နည်းပြ အလွန်ဆို၏ ချယ်ဆီးအသင်းကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။ အာဆင်နယ်အသင်းသည် ယခုနိုင်ပွဲကြောင့်  ပရီမီယာလိဂ်တွင် သုံးပွဲကစားပြီး သုံးပွဲစလုံးအနိုင် ရရှိသည့် မှတ်တမ်းပိုင်ဆိုင်ခဲ့သည်။   

ပွဲစတင်ပြီး မကြာမီတွင် မော်ဂန်ရော်ဂျာစ်က ဂိုးဧရိယာအပြင်ဘက်မှ ချယ်ဆီးအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့သည်။ သို့သော်လည်း အိမ်ရှင်အာဆင်နယ်အသင်းက ပွဲကိုပြန်လည်ထိန်းချုပ်ကစားနိုင်ခဲ့ပြီး ပွဲချိန် ၂၅ မိနစ်တွင် ချေပဂိုးရရှိကာ ကိုင်ဟာဗက်ဇ်က သွင်းယူပေးခဲ့သည်။  ပွဲချိန် မိနစ် ၅၀ တွင် အာဆင်နယ်အသင်းခေါင်းဆောင် မာတင်အိုဒီဂတ်က အသင်းအတွက် အနိုင်သေချာစေမည့် ဒုတိယဂိုးကို သွင်းယူပေးခဲ့သည်။

ထို့နောက် ချယ်ဆီးအသင်း၏ ချေပဂိုးရရှိရေး ဖိအားပေးတိုက်စစ်ဆင်မှုများကို အာဆင်နယ်အသင်းခံစစ်နှင့်  ဂိုးသမား   ဒေးဗစ်ရာယာတို့ အကောင်းဆုံးဟန့်တားကာကွယ်နိုင်ခဲ့သည်။ အာဆင်နယ်အသင်းသည် ယခုနိုင်ပွဲကြောင့် အမ်းမရိတ် ကွင်း၌ ချယ်ဆီးနှင့် ထိပ်တိုက်တွေ့ဆုံသည့် ငါးပွဲတွင်  ငါးပွဲစလုံးအနိုင်ရရှိသည့် မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့သည်။

အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့သည့် အဲဗာတန်နှင့် မန်ယူအသင်းပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။ အဆိုပါပွဲစဉ်တွင် မန်ယူအသင်းသည် နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိရန် နီးစပ်ခဲ့သော်လည်း ပွဲချိန်ပြည့်ခါနီးတွင်  မိတ်လန်းနိုင်းစ်၏  ချေပဂိုးပြန်လည်ခွင့်ပြုပေးခဲ့ရသည့်အတွက် တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ခြင်းဖြစ်သည်။

အောင်ဇော်

No comments

Powered by Blogger.