တစ်ကျော့ပြန် နျူကလီးယား နည်းပညာ (၆)


 

နီဇော်သစ်

တိုကာမက်နည်းပညာနှင့် လေဆာလောင်ကျွမ်းနည်းပညာတို့မှ   ဖျူရှင်ဖြစ်အောင်လုပ်နိုင်ပြီ ဖြစ်သည့်အကြောင်းကို   ရှေ့ကအပိုင်းများတွင် ဆွေးနွေးခဲ့ပါသည်။ ဖျူရှင်ဖြစ်အောင်လုပ်နိုင်သည့်အပြင် စွမ်းအင်ပိုထွက်လာအောင်လည်း လုပ်နိုင်ပြီ။ သို့ဆိုလျှင်  ဖျူရှင်နည်းပညာဖြင့် လျှပ်စစ်ထုတ်နိုင်ပြီလားဟုမေးလျှင် ယခုအချိန်အထိ မထုတ်နိုင်သေးပါ။ ထုတ်နိုင်ဖို့လည်း တော်တော်လေးလိုပါဦးမည်။

ဘာတွေလိုနေသေးလဲဆိုလျှင် အရင်ဆုံး လေဆာနည်းကို ကြည့်ပါမည်။ ယခုရရှိထားသောအဆင့်က  အရေးကြီးသော  အဆင့်ဖြစ်သည့်တိုင် စမ်းသပ်မှုအဆင့်သာရှိသေးသည်။ တကယ့်စက်ရုံတွင် ယခုလို ပစ်ချက်မျှလောက်နှင့်မရ။ လောင်စာလုံးလေးများကို ဓာတ်ပြုခန်းထဲထည့်ပြီး လေဆာဖြင့် ဆက်တိုက်ပစ်နေဖို့လိုသည်။ စက်ရုံအဆင့် သဘောတရားအရ  အနည်းဆုံးတစ်စက္ကန့်လျှင် ၁၀ ကြိမ် ပစ်နိုင်ရမည်။ ထို့ကြောင့်  တစ်နေ့ကို အကြိမ် ၈၆၄၀၀၀ ပစ်ရမည်။ ထိုသို့ပစ်ရာတွင် လောင်စာလုံးများကို ဓာတ်ပြုခန်း အလယ်တည့်တည့်ရောက်အောင်  ထည့်ဖို့တို့၊ ပစ်မှတ်ကို တိတိကျကျ ထိအောင်ပစ်ဖို့တို့လိုသေးသည်။ ထို့ကြောင့် ယခုစမ်းသပ်ရရှိသောအဆင့်သည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံတစ်ခုနှင့်ယှဉ်လျှင် များစွာကွာခြားနေသေး၏။

ဆက်ပြီး တိုကာမက်နည်းကို ကြည့်ပါမည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီတွင် တရုတ်တိုကာမက်စက်ဖြစ် သည့် EAST  က  အပူချိန်မြင့်ပလာစမာကို ၁၀၆၆ စက္ကန့်ဆက်တိုက်ထိန်းထားနိုင်သည်။ သို့သော် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖြစ်ဖို့ဆိုလျှင် အဆပေါင်းများစွာ ပိုထိန်းထားနိုင်ရမည်။ အထပ်ထပ်လုပ်နိုင်ဖို့လည်းလိုသည်။ အပူထုတ်ယူမှုနှင့် စက်ပစ္စည်းများ၏  သက်တမ်း၊  ပစ္စည်းလဲလှယ်တပ်ဆင်သည့်   နည်းပညာ   စသည်တို့ကိုလည်း သက်သေပြရဦးမည်။ ထို့ကြောင့် များစွာကွာခြားနေသေးသည်။

လျှပ်စစ်ထုတ်သည့်အပိုင်းကို ကြည့်ပါမည်။ တိုကာမက်နည်းတွင် ဖျူရှင်ဖြစ်ပြီး ထွက်လာသည့် နျူထရွန်ကို သံလိုက် အားက ထိန်းမထားနိုင်သောကြောင့် နံရံအပြင်ဘက်တွင် လစ်သီယံပါဝင်သည့် blanket တစ်ခုကာထားရသည်ဟု  ရှေ့တွင်ပြောခဲ့သည်။ မတိကျသော်လည်း လစ်သီယံအလွှာကာထားသည်ဟုဆိုပါစို့။ အဆိုပါအလွှာက အလုပ်နှစ်မျိုး လုပ်သည်။ တစ်မျိုးက နျူထရွန်၏ အရွေ့စွမ်းအင်ကို အပူစွမ်းအင်အဖြစ်ပြောင်းပြီး  အအေးခံစနစ်ထဲမှ ရေများကို ဆူပွက်စေကာ တာဘိုင်များကိုမောင်းနှင်၊ လျှပ်စစ်စွမ်းအင်ထုတ်ခြင်းဖြစ်သည်။ ထိုအဆင့်သို့ မရောက်သေးသော်လည်း ကြိုတင်မှန်းဆထားသည့် နည်းလမ်းဖြစ်သည်။

နောက်တစ်မျိုးက ထရစ်တီယံ ထုတ်လုပ်ဖို့။ ပလာစမာထဲတွင် ဖျူရှင်ဆက်တိုက်ဖြစ်လာချိန်တွင် ဒီ-တီ လောင်စာများ ကုန်သွားမည်ဖြစ်၍ ထပ်ဖြည့်ပေးရမည်။ ဒူတီရီယံက ပင်လယ်ထဲမှရ၍ ပေါသည်။ ထရစ်တီယံကမူ ရှားသည်။ ထို့ကြောင့် လစ်သီယံအလွှာနှင့်  နျူထရွန်တို့  တိုက်မိသည့်နေရာတွင် ထရစ်တီယံ ထွက်လာအောင်ပါ လုပ်ထားရသည်။ သို့မှသာ စီးပွားဖြစ်ထုတ်လုပ်ဖို့ အခြေခံလမ်းကြောင်းပေါ် ရောက်မည်ဖြစ်သည်။

ဤနေရာတွင် ရှေးရိုးစဉ်လာ ဖစ်ရှင်နျူကလီးယားဓာတ်ပေါင်းဖိုများနှင့် ကွာသည်ကို တွေ့နိုင်သည်။ ဖစ်ရှင်ဓာတ်ပေါင်း ဖိုများတွင် ဖစ်ရှင်မှ ထွက်လာသည့် အပူစွမ်းအင်ဖြင့် အအေးခံစနစ်ထဲ မှ ရေများဆူပွက်စေပြီး တာဘိုင်များကို လည်၍ လျှပ်စစ်ထုတ်ခြင်းဖြစ်သည်။ ဖျူရှင်နည်းတွင် ဖျူရှင်ကြောင့်ဖြစ်လာသည့်အပူကို တိုက်ရိုက်ယူ၍မရ။ မည်သည့်အရာမျှ  မခံနိုင်လောက်အောင် ပူလွန်း၍ပင်။ ထို့ကြောင့် ဘေးကိုထွက်လာသည့် နျူထရွန်တို့၏ အရွေ့စွမ်းအင်ကိုသာ အပူစွမ်းအင်သို့ ပြောင်းရသည်။ လက်ပေါက်ပိုစိတ်ပြီး ခက်လည်းခက်သည်။ သို့ဆိုလျှင် ဘာကြောင့်လွယ်ပြီး ကုန်ကျစရိတ်နည်းသည့် ဖစ်ရှင်နည်းကို ဆက်မသုံးဘဲ ဖျူရှင်နည်းကို ကြိုးစားနေရလဲဟု မေးစရာရှိသည်။ အဓိကအချက်မှာ ဖစ်ရှင်နည်းမှ ထွက်လာသည့် ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်းများကို မလိုလား ၍ဟု ဆိုနိုင်သည်။ ဖျူရှင်နည်းတွင်  နျူထရွန်များကြောင့် ရေဒီယိုသတ္တိကြွမှုရှိသော်လည်း သက်တမ်းဝက်အလွန်ရှည်လျားသည့် ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်းများမထွက်၍   ဖစ်ရှင်နည်းမှ ထွက်လာသည်တို့ကို ဘယ်သွားသိမ်း  ရမှန်းမသိသည့်   ပြဿနာမျိုးရှိတော့မည် မဟုတ်ပါ။

အမေရိကန်၏ လေဆာနည်းတွင်လည်း ဖျူရှင်မှ ထွက်လာသည့် စွမ်းအင်များကို တစ်နည်းနည်းဖြင့် အပူစွမ်းအင် ပြောင်းပြီး တာဘိုင်များကိုလည်ပတ်ကာ လျှပ်စစ်ထုတ်နိုင်သည်။ သို့သော် ထို့ထက်ပို၍ စိတ်ဝင်စားဖို့ကောင်းသည့် ကိစ္စတစ်ခုပေါ်ထွက်လာသည်။ အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်သည့် ဟီလီယွန်အင်နာဂျီက ရွေးချယ်ထားသည့် နည်းလမ်းဖြစ်သည်။

ဟီလီယွန်လုပ်နေသည့် သဘောတရားက ဖူရှင်ဖြစ်ပြီးနောက် ပလာစမာထဲမှ လျှပ်စစ်ဓာတ်ဆောင်အမှုန်များ၏  စွမ်းအင်၊  တစ်နည်းအားဖြင့် ပြန့်လာသောပလာစမာထဲမှ  ပြောင်းလဲသွားသည့် သံလိုက်စက်ကွင်းကို သုံးပြီးညှို့ခြင်းဖြင့် လျှပ်စစ်ထုတ်လုပ်သော နည်းလမ်းဖြင့် လျှပ်စစ်ကို တိုက်ရိုက်ထုတ်လုပ်မည်။  ဆိုလိုသည်မှာ  တာဘိုင်များ၊  ရေနွေးငွေ့များမပါတော့။  ပလာစမာ၏ သံလိုက်စက်ကွင်းအပြောင်းအလဲကို တစ်ဖက်တွင် လျှပ်စီးကြောင်းဖြစ်အောင်လုပ်မည်။ ညှို့ခြင်းဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်းမှာ ထိုသဘောတရားကို ဖော်ထုတ်ခဲ့သည့် မိုက်ကယ်ဖာရာဒေးတို့ ခေတ်ကတည်းက လုပ်ဖူးပြီးသားဖြစ်၍ မဆန်း။ သို့သော် ပလာစမာ၏ သံလိုက်စက်ကွင်းအပြောင်းအလဲကိုသုံးပြီး ညှို့ခြင်းဖြင့် လျှပ်စစ်ထုတ်ဖို့ဆိုသည်မှာ လုံးဝအသစ်အဆန်းဖြစ်သည်။

သုတေသနချည်းပဲဆိုလျှင် စိတ်ဝင်စားစရာ သိပ်မရှိ။  သို့သော် ဟီလီယံက ၂၀၂၃ ခုနှစ်တွင် မိုက်ခရိုဆော့ဖ်နှင့် စာချုပ်ချုပ်ခဲ့သည်။ ထိုသဘောတူညီချက်အရ ဝါရှင်တန်ပြည်နယ်တွင် အိုရိုင်ယွန်ဆိုသည့် ဖျူရှင်ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်နေပြီ။ ၂၀၂၈ ခုနှစ်တွင် ထိုစက်ရုံကိုစတင်လည်ပတ်ကာ ၅၀ မဂ္ဂါဝပ်နှင့်အထက် လျှပ်စစ်ထုတ်ပြီး မိုက်ခရိုဆော့ဖ်ကို ရောင်းရမည်။ နှစ်နှစ်အတွင်း လက်ကျန်အဆင့်များအားလုံးကို ကျော်ဖြတ်ပြီး စီးပွားဖြစ်ထုတ်နိုင်မလားဆိုသည့် စိန်ခေါ်မှုက ရင်ခုန်စိတ်လှုပ်ရှားစရာ မကောင်းပါလား။ မိုက်ခရိုဆော့ဖ်နှင့် စာချုပ်ထဲတွင် ဘယ်လိုသဘောတူညီချက်များ ပါသေးလဲဆိုသည်ကိုတော့ အတိအကျမသိရပါ။ မထုတ်နိုင်လျှင် ဘာဖြစ်မလဲဆိုသည်ကို မသိနိုင်ပါ။ သို့သော် အချိန်ပန်းတိုင်ကြီးက အံ့ဩစရာကောင်းလွန်းနေသည်။

သူတို့နှင့်  မလှမ်းမကမ်း ကပ်လိုက်သည်က တရုတ်နိုင်ငံ၏ BEST ။ BEST က Burning Plasma Experimental Superconducting Tokamak ကို အတိုကောက်ပြုထားခြင်းဖြစ်သည်။  EAST   က ရလဒ်ကောင်းရခဲ့ပြီးနောက် တစ်ဆင့် အဖြစ် တရုတ်နိုင်ငံက တည်ဆောက်နေသည့် တိုကာမက်။ ပြီးခဲ့သည့်  ဇွန်လက  BEST  အတွက် စူပါကွန်ဒတ်တာ သံလိုက်ကြီးကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့၍ သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံက ကြုံးဝါးသည်။ ထိုသတင်းမှာ နိုင်ငံတကာသတင်းလောကထဲတွင် လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့သည်။ ဝန်ခံရလျှင်  ထိုသတင်းကြောင့်လည်း ကျွန်တော်  ဖျူရှင်ဆောင်းပါးများရေးဖြစ်ခြင်းဖြစ်သည်။

BEST က ယခုမှ တည်ဆောက်ဆဲဖြစ်ပြီး ၂၀၂၇ တွင် အပြီးသတ်မည်။ ရည်ရွယ်ချက်မှာ ဖျူရှင်ဓာတ်ပြုမှုထဲမှ  ထွက်လာသည့် အယ်လ်ဖာအမှုန် (ဟီလီယံ   နယူကလိယ)တို့က ပလာစမာကို ကိုယ်တိုင်အပူစွမ်းအင်ပြန်ပေးနိုင်မည့် အဆင့်ကို စမ်းသပ်ဖို့။ ဖျူရှင်ပါဝါ နှစ်မဂ္ဂါဝပ်မှ ၂၀၀ မဂ္ဂါဝပ်အထိ ထွက်ဖို့မှန်းထားသည်။ စွမ်းအင်အသွင်းအထုတ်ကြား ကွာခြားချက် ကျူတန်ဖိုးကို ၁ မှ ၅ အထိရဖို့ ရည်မှန်းထားသည်။ ထိုရည်မှန်းချက်များကို ၂၀၃၀ ပြည့်နှစ်တွင် လုပ်နိုင်မည်ဟု သတ်မှတ်ထားသည်။

ယခုဆိုလျှင် လက်ရှိ ဖျူရှင်နည်းပညာပြိုင်ဆိုင်မှုအနေအထားကို မြည်းစမ်းနိုင်ပါပြီ။ နောက်တစ်ပတ်တွင် ဥရောပ၊ ဂျပန်၊ တောင်ကိုရီးယားတို့၏   စီမံကိန်းများနှင့်   ရည်မှန်းချက်များကို နှိုင်းယှဉ်ပြပါမည်။

No comments

Powered by Blogger.