ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည်တိုက်စားခံရမှုနေရာများနှင့် ငဝန်မြစ်ရေကာတာ၏အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ခြောက်မြို့နယ်တို့တွင် ရေဝင်ရောက်ခဲ့ခြင်းများအား တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်



နေပြည်တော် စက်တင်ဘာ ၂၀


ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်း မြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်း ကျွန်းတာ(ဧရာဝတီမြစ်ခွဲ) တာမိုင် (၁၁/၆)နှင့် (၁၁/၇) ကြားနေရာ၌ မြစ်ကမ်းရေတိုက်စားမှု ကြောင့် ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တွင် ဩဂုတ် ၂၅ ရက် နံနက်ပိုင်းမှစ၍ အလျား ပေ ၃၀၀၊ အနံ ၄၅ ပေခန့် တာကိုယ်ထည်တိုက် စားကာ ဆည်မြောင်းတာ အိပဲ့ကျမှုဖြစ်ပွားသည်။ အလားတူ အဆိုပါ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ)၌ ရေတိုက်စားမှုကြောင့် တာမိုင် (၁၂/၂) နှင့် (၁၂/၃) ကြားရှိ စွန့်ပစ်တာ၌ စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် အလျားပေ ၁၆၀ နှင့် အနံ ၁၅ ပေခန့် ထပ်မံ၍ တာပြိုကျမှု ဖြစ်ပွားခဲ့သည်။


အဆိုပါ တာကိုယ်ထည်တိုက်စား၍ အိပဲ့ ပြိုကျမှုဖြစ်ပေါ်လျက်ရှိသည့် နေရာများ၌ ရေတိုက်စားမှု ကာကွယ်နိုင်ရန်အတွက် ရေလမ်း သောင်တူးလုပ်ငန်း ဆောင်ရွက်ခြင်း၊ တုတ်တန်း ရိုက်၊ သဲအိတ်ဖြည့်ခြင်း၊ သဲအိတ်ဖြည့်တာခြေ ထောက်ခြင်းနှင့် ယာယီပန်းတာတည်ဆောက် ခြင်း၊ သံမဏိကြိုးဆိုင်း ရေကာဆောင်ရွက်ခြင်း၊ Floating Unit ပြုလုပ်ခြင်းလုပ်ငန်း၊ Geotextile အစများဖြင့် ကမ်းပြိုကာကွယ်ခြင်း၊ ရေနက်ပိုင်း ရေစီးနှုန်းနှင့် ရေဦးထိုးမှုလျော့ကျစေရန် ဝါးသုံးချောင်းထောက် သဲအိတ်ဆွဲခြင်း စသည့် လုပ်ငန်းများကို နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ လူအင်အား၊ စက်ယန္တရားများဖြင့် အင်တိုက် အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင် ရွက်လျက်ရှိသည်။


အလားတူ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေ တိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက်/ကျေးရွာများအတွင်း ရေဖြတ်သန်း စီးဆင်းဝင်ရောက်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ရေဝင်ရောက်မှုကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်တို့ရှိ ရပ်ကွက် ၁၅ ခုနှင့် ကျေးရွာ အချို့တို့တွင် ယနေ့အထိရေဝင်ရောက်မှုများ ဖြစ်ပွားလျက်ရှိသည်။


အဆိုပါ ငဝန်ပန်းတာရေဝင်ရောက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နည်းပညာ များအသုံးပြု၍ Geobags သဲအိတ်ကြီးများချခြင်း၊ မျောတုတ်တန်းများအတွင်း သဲအိတ်များ ဖြည့်၍ ကာကွယ်ခြင်းနှင့် Steel Sheet Pile ရိုက်သွင်းခြင်းစသည့် ငဝန်ပန်းတာတမံ နိမ့်ကျ နေရာများ ပြန်လည်ခိုင်မာရေးလုပ်ငန်းများကို လူအင်အား၊ စက်ယန္တရားများအသုံးပြု၍ အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။


ထို့အပြင် ရေပြန်လည်ကျဆင်းသွားခဲ့သည့် မြို့၊ ရွာ၊ ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လမ်းတံတားများတွင် တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအား နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတ အသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ ပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေး ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူ များအား ထမင်းဘူးများ၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



သတင်းစဉ်

No comments

Powered by Blogger.