ပြည်သူများသွားလာမှုအဆင်ပြေရေး ဘက်ထရီရထားခရီးစဉ်ပြေးဆွဲပေး (ကြေးမုံ)

 



ရန်ကုန်တိုင်းဒေသကြီး၏ လူဦးရေသည် လက်ရှိတွင် ခုနစ်သန်းကျော် ရှစ်သန်းရှိသည်။ ပြည်သူများအနေဖြင့် လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့အောင် လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် နေ့စဉ်နှင့်အမျှ ဆက်သွယ်သွားလာဆောင်ရွက်နေရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နေ့စဉ်ဆက်သွယ် သွားလာဆောင်ရွက်နိုင်ရန်အတွက် မော်တော်ယာဉ်လိုင်းပေါင်းစုံကို အားထားအသုံးပြုလျက်ရှိသည်။ တိုးတက်များပြားလာသော လူဦးရေအတွက် အများပြည်သူသုံးခရီးသည် ပို့ဆောင်ရေးလုပ်ငန်းဖြင့် ဆောင်ရွက်ပေးလျက်ရှိသော်လည်း လိုအပ်ချက်များရှိနေသေးသည်။ ထို့ကြောင့် ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် မြို့ပတ်ရထားပြေးဆွဲရေးကို တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိသည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နေ့စဉ်ခရီးသွားပြည်သူများတွင် အဆင့်မြင့်ပညာ သင်ကြားနေလျက်ရှိသော ကျောင်းသား ကျောင်းသူများအနေဖြင့် အများပြည်သူ ပို့ဆောင်ရေးယာဉ်များနှင့် မြို့ပတ်ရထားများကို အားထားအသုံးပြုလျက်ရှိသည်။ ယခုအခါ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွား ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန်အတွက် ရန်ကုန်-တိုးကြောင်းကလေး-ဒဂုံတက္ကသိုလ် ရထားခရီးစဉ်ကို ဘက်ထရီရထားစက်ခေါင်းဖြင့် စက်တင်ဘာ ၁ ရက်နေ့မှစတင်၍ ပြေးဆွဲပေးလျက်ရှိရာ ခရီးသွားပြည်သူများသာမက အဆင့်မြင့်ပညာသင်ကြားနေကြသည့် ကျောင်းသား ကျောင်းသူများပါ အဆင်ပြေချောမွေ့ စိတ်ချမ်းမြေ့လျက်ရှိသည်ဟု ကြားသိရသည်။


ကျောင်းသား ကျောင်းသူများအနေဖြင့် အဆင့်မြင့်ပညာများ သင်ကြားနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ်၊ ကောလိပ်များဖွင့်လှစ်ထားပြီး အဓိကကျသည့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများကို ဒဂုံမြို့သစ်အရှေ့ပိုင်း၊ သန်လျင်နှင့်မှော်ဘီတို့တွင် ဖွင့်လှစ်ထားသည်။ တက္ကသိုလ်၊ ကောလိပ် ကျောင်းသားများ အဆိုပါတက္ကသိုလ်၊ ကောလိပ်များသို့ သွားရောက်ပညာ သင်ကြားရာတွင် လွယ်ကူချောမွေ့စေရန် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများကို အထူးစီမံဆောင်ရွက်ပေးထားသည်။ ယခုအခါ ရန်ကုန်မြို့ပတ်ရထားခရီးစဉ် လမ်းကြောင်းတစ်လျှောက်ရှိ ပုဇွန်တောင်၊ မလွှကုန်း၊ နှင်းဆီကုန်း၊ သင်္ဃန်းကျွန်း၊ ငမိုးရိပ်နှင့် တိုးကြောင်ကလေး စသည့်ဘူတာများတွင် ရထားရပ်တန့်ပေးပြီး ခရီးသွားများအဆင်ပြေအောင် ဆောင်ရွက်ပေးလျက်ရှိသည်။


ယခုစတင်ပေးခဲ့သည့်ခရီးစဉ်သည် ရန်ကုန်-တိုးကြောင်ကလေး-ဒဂုံတက္ကသိုလ် ရထားခရီးစဉ်တွင် ခရီးသွားပြည်သူများနှင့်ဒဂုံတက္ကသိုလ် ကျောင်းသား ကျောင်းသူများ လွယ်ကူချောမွေ့အဆင်ပြေစွာသွားလာနိုင်မည်ဖြစ်ပြီး ရထားစီးခရီးသွားမှု ယခုထက်ပိုမိုများပြားလာပါက မြန်မာ့မီးရထားက ထပ်မံတိုးချဲ့ပြေးဆွဲပေးသွားမည်ဟု သိရသည်။ တက္ကသိုလ်ကျောင်းသား ကျောင်းသူများအနေဖြင့် ယခင်က ကျောင်းတက်ရာတွင် အများပြည်သူသုံးဘတ်စ်ကားများကို အချိန်ကြာမြင့်စွာ ကျပ်ကျပ်တည်းတည်းစီးနင်းခဲ့ရသောကြောင့် အချိန်ကုန်လူပင်ပန်းပြီး ပညာသင်ကြားရေးတွင် အဟန့်အတားဖြစ်ခဲ့သည်။ အချို့ကျောင်းသား ကျောင်းသူများအနေဖြင့် လစဉ်ကျောင်းကားများဖြင့် ကျောင်းတက်ခဲ့ရပြီး ယခုအခါ စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကြောင့် ကျောင်းကားဈေးနှုန်းလည်းတက်လာသဖြင့် ငွေကြေးကုန်ကျ စရိတ်တက်လာခဲ့သည်။


ဒဂုံတက္ကသိုလ်တွင် ပညာသင်ကြားရေးအတွက် ယခုကဲ့သို့ ရထားစီစဉ်ပေးသောကြောင့် ကျောင်းသား ကျောင်းသူများအနေဖြင့် အချိန်မကုန်၊ ငွေမကုန်၊ လူမပင်ပန်းဘဲ ချောင်ချောင်ချိချိသက်သက်သာသာသွားလာရသည့်အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်။ ဒဂုံတက္ကသိုလ် နေ့သင်တန်းများတွင်တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူ ၅၇၇၀ ရှိပြီး အဝေးသင်ကျောင်းသား ကျောင်းသူ ၃၅၀၀၀ ကျော်ရှိသည်။ ကျောင်းသား ကျောင်းသူပေါင်း နှစ်သောင်းနီးပါး ပညာသင်ကြားရေးအတွက် အဆင်ပြေချောမွေ့သွားသဖြင့် ပညာရပ်များကို ပိုမိုတိုးတက်ကောင်းမွန်အောင် သင်ကြားနိုင်တော့မည်ဖြစ်သည်။ ယခုစက်တင်ဘာလတွင် တက္ကသိုလ်စာမေးပွဲများ ကျင်းပတော့မည်ဖြစ်၍ ရထားစီးရင်း ပညာလေ့လာဆည်းပူးနိုင်သဖြင့် အချိန်ကိုထိရောက်စွာအသုံးချနိုင်တော့မည်ဖြစ်သည်။ မြန်မာ့မီးရထားအနေဖြင့် အဆိုပါခရီးစဉ်အပြင် ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင် DEMU ရထားခရီးစဉ်များကို တိုးချဲ့ပြေးဆွဲပေးလျက်ရှိသည်။


ဒဂုံတက္ကသိုလ်သို့ ပြေးဆွဲပေးရာတွင် ပထမရထားမှာ နံနက် ၆ နာရီ ၁၅ မိနစ် တွင်တစ်စင်း၊ ဒုတိယရထားမှာ နံနက် ၇ နာရီ ၄၅ မိနစ်တွင်တစ်စင်းထွက်သည်။ တစ်နေ့လျှင် တွဲဆိုင်းနှစ်ဆိုင်းဖြင့် အသွားအပြန် ၁၂ ခေါက် ပြေးဆွဲပေးလျက်ရှိသည်။ ဘက်ထရီစက်ခေါင်းဖြင့်ပြေးဆွဲရာတွင် တွဲခြောက်တွဲပါပြီး တစ်တွဲတွင် ခရီးသည် ၆၂ ဦးနှင့် ကျောင်းသား ကျောင်းသူ ၄၀၀ နီးပါး လိုက်ပါစီးနင်းနိုင်သည်။ လက်မှတ်ခမှာ ငွေကျပ် ၅၀၀ ဖြစ်ပြီး ဘူတာစဉ်ရပ်ပေးသဖြင့် ခရီးသွားပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာစီးနိုင်ပြီဖြစ်၍ စည်းကမ်းရှိရှိလိုက်ပါစီးနင်းကြခြင်းဖြင့် နှစ်ဦးနှစ်ဖက်အဆင်ပြေချောမွေ့ပြီး ပြည်သူများ၏ဆန္ဒများကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပြီဖြစ်ပါကြောင်း။       ။

No comments

Powered by Blogger.