အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း ပင်နယ်တီအဆုံးအဖြတ်တွင် ဂိုးသမား ကျော်ဇင်ဖြိုး၏ လက်စွမ်းပြမှုဖြင့် အနိုင်ရပြီး ခြေစစ်ပွဲအောင်မြင်
ရန်ကုန် စက်တင်ဘာ ၁၄
၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းနှင့်
လာအိုကလပ် Ezra အသင်းတို့၏ ခြေစစ်ပွဲဒုတိယအကျော့ကို စက်တင်ဘာ
၁၄ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ကျင်းပရာ ရှမ်းယူနိုက်တက်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
ရှမ်းယူနိုက်တက်အသင်းသည်
ပထမအကျော့တွင် သုံးဂိုး-နှစ်ဂိုးဖြင့် အရေးနိမ့်ပြီး
ဒုတိယအကျော့တွင် တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရသဖြင့် နှစ်ကျော့ပေါင်း
သုံးဂိုးစီသရေကျနေသဖြင့် အချိန်ပိုဆက်လက်ယှဉ်ပြိုင်ခဲ့ရသည်။ အချိန်ပိုတွင်လည်း ဂိုးမရှိသရေကျနေသဖြင့်
ပင်နယ်တီဖြင့်ဆုံးဖြတ်ရာ ရှမ်းယူနိုက်တက်အသင်းက သုံးဂိုး-နှစ်ဂိုးဖြင့်
အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ခြေစစ်ပွဲအောင်မြင်ခဲ့သော်လည်း ပုံစံကောင်းပြသနိုင်ရန် ရုန်းကန်ခဲ့ရပြီး နာကျင်အချိန်
ပိုမှ ဂိုးသွင်းယူနိုင်သလို ပင်နယ်တီဆုံးဖြတ်ရာတွင် ဂိုးသမား ကျော်ဇင်ဖြိုး လက်စွမ်းပြနိုင်သဖြင့်
အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ပထမအကျော့အရှုံးကြောင့် မဖြစ်မနေအနိုင်ရရန် လိုအပ်နေသည့်
ရှမ်းယူနိုက်တက်အသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ပြုလုပ်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည်
ဂိုးရရန် လိုအပ်နေသော်လည်း အသင်းကစား ပုံမှာ အားနည်းချက်များနေသလို တိုက်စစ်ပိုင်းတွင်လည်း အမှားများနေသဖြင့် ဂိုးသွင်းခွင့်မရဖြစ်နေသည်။ ၃၆ မိနစ်တွင် ကွင်းလယ်ကစားသမား မတ်ခ်ဆာကီ
တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရသဖြင့် ရှမ်းယူနိုက်တက်အသင်း တစ်ယောက်လျော့သွားပြီး ပိုမိုရုန်းကန်ခဲ့ရသည်။
ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းကစားသမားများ ပြောင်းလဲကာ တိုက်စစ်မြှင့်ခဲ့သော်လည်း ဂိုးရရန် ရုန်းကန်ခဲ့ရပြီး ပွဲပြီးခါနီး နာကျင်အချိန်ပိုမှ ဂိုးရခဲ့သည်။
ယင်းဂိုးကို လူစားဝင် ကစားသမား သက်ဝေမိုးက သွင်းယူခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် နှစ်ကျော့ပေါင်း
သုံးဂိုးစီသရေဖြစ်သွားပြီး အချိန်ပိုဆက်လက်ယှဉ်ပြိုင်ခဲ့ရသည်။
အချိန်ပိုတွင်လည်း ဂိုးထပ် မသွင်းနိုင်သဖြင့် ပင်နယ်တီဖြင့်ဆုံးဖြတ်ရာ ရှမ်းယူနိုက်တက်အသင်းက
သုံးဂိုး - နှစ်ဂိုးဖြင့်
အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်း ကန်သွင်းသည့် ငါးလုံးအနက် ကျော်မင်းဦး၊ စအောင်ပြည့်ကိုနှင့်
အက်ဆင်ဂျူနီယာတို့ဂိုးဝင်ပြီး လွင်မိုးအောင်နှင့် သက်ဟိန်းစိုးတို့ ဂိုးမဝင်ခဲ့ပေ။ Ezra အသင်း ကန်သွင်းသည့် ငါးလုံးအနက် နှစ်ဂိုးသာ ဂိုးဝင်ပြီး ကျန်သုံးလုံးအနက် နှစ်လုံးကို ဂိုးသမား ကျော်ဇင်ဖြိုး ကာကွယ်ကာ
ကျန်တစ်ဂိုးမှာ ဘေးထွက်ခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည်
ခြေစစ်ပွဲအောင်မြင်ခဲ့သဖြင့် အုပ်စု(B)သို့ ကျရောက်ခဲ့ပြီး ထိုင်းကလပ် Port အသင်း၊ မလေးရှားကလပ် ဂျိုဟိုးဒါရူးလ်အသင်း၊ ဗီယက်နမ်ကလပ် ကောင်အန်ဟနွိုင်းအသင်း၊ စင်ကာပူကလပ် Lion City
Sailors အသင်း၊ ကမ္ဘောဒီးယားကလပ် PKR Svay Rieng အသင်း၊ အင်ဒိုနီးရှားကလပ် ပါဆစ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
သတင်း
- ကိုညီလေး
ဓာတ်ပုံ
- စိုးညွန့်သော်

No comments