ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ စက်တင်ဘာ - ၂၁
“လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန် တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၁ (MICC-1) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ဒုတိယသမ္မတများ ဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ လွှတ်တော်အမြဲတမ်း ကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြမည့် သက်ဆိုင်ရာ နယ်ပယ်အလိုက် အသိပညာရှင်အတတ်ပညာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတက “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန် တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ဒီဂျစ်တယ် နည်းပညာအသုံးပြု စက်ခလုတ် နှိပ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး ထိုအထဲမှအလုပ်လုပ်သူများ၏ ၅၀ ရာခိုင်နှုန်း ကျော်သည် လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍတွင် အလုပ်လုပ်ကိုင်နေကြသူများဖြစ်ကြောင်း၊ လူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်သည် ဆင်းရဲနွမ်းပါးမှုရှိနေသည်ဟု သုံးသပ်ထားကြောင်း၊ ထို့ကြောင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေးသည် အရေးကြီးသည်မှာပေါ်လွင်နေကြောင်း၊ မိရိုးဖလာ လုပ်ဆောင်နေကြသည့် စိုက်ပျိုးမွေးမြူရေးကို စနစ်တကျ ပြောင်းလဲဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှု တိုးတက်အောင် တန်ဖိုးမြှင့် ထုတ်ကုန်များရရှိအောင် ဆောင်ရွက်နိုင်မှသာ ဝင်ငွေပိုမိုရရှိစေမည်ဖြစ် ကြောင်း၊ ယနေ့အလုပ်ရုံ ဆွေးနွေးပွဲ၏ခေါင်းစဉ်ကို ပြန်ကြည့်မည်ဆိုပါက “လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန် တိုးတက်မှုသို့” ဟူသည့် ရည်မှန်းချက်သည် လယ်ယာ ကဏ္ဍ တစ်ခုတည်းကို ဖွံ့ဖြိုး တိုးတက်စေရန်ပြောကြားခြင်းမဟုတ်ဘဲ လယ်ယာထွက်ကုန်မှ ကုန်ကြမ်း၊ ကုန်ကြမ်းမှ တန်ဖိုးမြှင့်ထုတ်ကုန်၊ တန်ဖိုးမြှင့်ထုတ်ကုန်မှစက်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်းမှ ပြည်တွင်း စားသုံးမှုနှင့် ပြည်ပပို့ကုန်ဈေးကွက်အထိ တန်ဖိုးကွင်းဆက် တစ်လျှောက်ချိတ်ဆက်ပြီး နိုင်ငံ့ထုတ်ကုန် တိုးတက်လာစေရေးကို ရည်မှန်းသည့် မူဝါဒဦးတည်ချက် တစ်ရပ်လည်းဖြစ်ကြောင်း။
ယနေ့ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ရာတွင် ကဏ္ဍ တစ်ခုချင်းစီကို သီးခြားခွဲပြီးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရုံဖြင့် မလုံလောက်ကြောင်း၊ လယ်ယာ ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ နည်းပညာကဏ္ဍနှင့် ဈေးကွက် ရရှိရေးတို့အကြား အပြန်အလှန်ချိတ်ဆက်မှုကို ခိုင်မာအောင်တည်ဆောက်ပြီး ယခင်တန်ဖိုးထက် ပိုမိုမြင့်မားလာအောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။
ထို့ကြောင့် ယနေ့ဆွေးနွေးပွဲ၏ အဓိကမေးခွန်းသည် “လယ်ယာထွက်ကုန် မည်မျှပိုထွက်အောင် လုပ်မလဲ” ဆိုသည့် မေးခွန်းတစ်ခုတည်းမဟုတ်ဘဲ “ထွက်ရှိလာသည့် လယ်ယာထွက်ကုန်များ၏ တန်ဖိုးကို မည်ကဲ့သို့မြှင့်တင်ပြီး နိုင်ငံ့ထုတ်ကုန်အဖြစ် မည်သို့ပြောင်းလဲမည်လဲ” ဆိုသည်ပင် ဖြစ်ကြောင်း။
မြန်မာနိုင်ငံအတွက် လယ်ယာကဏ္ဍသည် စားရေရိက္ခာဖူလုံရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခြေခံ အကျဆုံးကဏ္ဍ တစ်ရပ်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍသည် စားနပ်ရိက္ခာထုတ်လုပ်ပေးသည့် ကဏ္ဍတစ်ခုသာမက စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့်ကုန်ကြမ်းများကို ပံ့ပိုးပေးနိုင်သည့် ကဏ္ဍလည်း ဖြစ်ကြောင်း၊ ထို့ကြောင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို စိုက်ပျိုးထုတ်လုပ်မှု ပမာဏ တိုးမြှင့်ရေး အဖြစ်သာ မမြင်သင့်ကြောင်း၊ ထုတ်လုပ်မှု → ကုန်ကြမ်း→ ပြုပြင် ထုတ်လုပ်မှု → တန်ဖိုးမြှင့်ထုတ်ကုန် → စက်မှုလုပ်ငန်း → ပြည်တွင်းစားသုံးမှု → ပြည်ပပို့ကုန် ဆိုသည့် တန်ဖိုးကွင်းဆက်တစ်ခုလုံးကို တစ်ဆက်တည်းစဉ်းစားပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း။
ထိုသို့ဆောင်ရွက်နိုင်မှသာ တောင်သူများ၏ ဝင်ငွေတိုးတက်လာမည်ဖြစ်သကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာမည်၊ ပြည်တွင်းကုန်ထုတ်လုပ်မှု အားကောင်းလာမည်၊ ပို့ကုန် တိုးတက်လာမည်၊ နောက်ဆုံးတွင် နိုင်ငံ့ထုတ်ကုန်နှင့် နိုင်ငံ့စီးပွားရေး တိုးတက်လာမည်ဖြစ်ကြောင်း။
အလျဉ်းသင့်သဖြင့် မိမိတို့နိုင်ငံ၏ ပထဝီအနေအထားအရ မဟာဗျူဟာမြောက် တည်ရှိနေမှု ကိုလည်း တင်ပြလိုကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် မဟာဗျူဟာအရ အချက်အချာ ကျသည့်အပြင် ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီးနှစ်နိုင်ငံကြားတွင် တည်ရှိပြီး ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့် နေထိုင်သည့် Valeriepieris Circle အတွင်းတွင် တည်ရှိခြင်းကြောင့် အနီးအနား နိုင်ငံများအပါအဝင် ကမ္ဘာ့စားနပ်ရိက္ခာ ဈေးကွက်ကြီးများသို့ လယ်ယာနှင့်မွေးမြူရေး ထွက်ကုန်များ ကို တိုးမြှင့်ထုတ်လုပ်ပြီး တင်ပို့နိုင်မည့်အလားအလာ ကောင်းများရှိနေကြောင်း၊ အနောက်ဘက်တွင် လူဦးရေ သန်း ၁၄၃၀ ကျော်ခန့်ရှိသည့် အိန္ဒိယ၊ လူဦးရေ ၁၇၃ သန်းခန့်ရှိသည့် ဘင်္ဂလားဒေ့ရှ်၊ အရှေ့ဘက်တွင် လူဦးရေသန်း ၁၄၁၀ ကျော်ရှိသည့် တရုတ်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေကြောင်း၊ ထို့အပြင် ရာသီဥတုနှင့် မြေဆီလွှာ ကောင်းမွန်မှု၊ ကျယ်ပြန့်သည့် စိုက်ပျိုးမြေများ၊ ရှည်လျားသည့်ကမ်းရိုးတန်းနှင့် သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝမှုတို့သည် မိမိတို့နိုင်ငံ၏ အားသာချက်များ ဖြစ်ကြောင်း။
ထို့ကြောင့် ယခုကဲ့သို့သဘာဝနှင့် ပထဝီအနေအထားအရ ရရှိထားသည့် အားသာချက်များကို ထိရောက်စွာအသုံးချပြီး ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးအပြင် အရည်အသွေးမြင့် လယ်ယာ ထွက်ကုန်များ ထုတ်လုပ်ကာ ဒေသတွင်းနှင့် ကမ္ဘာ့ ဈေးကွက်များကို ထိုးဖောက်နိုင်ရေးကို အလေးထား ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အရေးကြီးသည်မှာ သဘာဝအားသာချက်ရှိခြင်းဖြင့် စီးပွားရေး ဖွံ့ဖြိုးလာမည် မဟုတ်ကြောင်း၊ အဆိုပါအားသာချက်ကို ကုန်ထုတ်စွမ်းအား၊ အရည်အသွေး၊ နည်းပညာ၊ တန်ဖိုးမြှင့်ထုတ်လုပ်မှုနှင့် ဈေးကွက် ယှဉ်ပြိုင် နိုင်စွမ်းအဖြစ် ပြောင်းလဲနိုင်မှသာ နိုင်ငံ့စီးပွားရေးအတွက် အကျိုးရှိမည်ဖြစ်ကြောင်း။
လက်ရှိကာလမှာ အခြေခံစားသောက်ကုန် ဈေးနှုန်းများ မြင့်တက်နေခြင်းသည် ပြည်သူများ၏ နေ့စဉ်ဘဝအတွက် ကြီးမားသည့်စိန်ခေါ်မှုဖြစ်ကြောင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းသည် အဓိကအားဖြင့် အကြောင်းအရာနှစ်ခုရှိပါတယ်၊ ထုတ်လုပ်မှုနှင့် စားသုံးမှုမမျှတခြင်းနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ် ကြီးမြင့်မှုတို့ကြောင့်သာဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေးနှင့် စရိတ်စက များပြားမှု ကြောင့်လည်းပါကြောင်း၊ အဆိုပါအခြေအနေကို ကျော်လွှားနိုင်ရန်အတွက် လယ်ယာ ထုတ်လုပ်မှုပမာဏကို သိသိသာသာမြှင့်တင်ပြီး ပြည်တွင်းစားနပ် ရိက္ခာလုံလောက်စွာရရှိကာ ကုန်ဈေးနှုန်းများကို အများပြည်သူ တတ်နိုင်သည့်အဆင့်အထိ လျှော့ချနိုင်ရန် လိုအပ်ကြောင်း၊ ဥပမာအားဖြင့် ဥ၊ အသား၊ ငါး ထုတ်လုပ်မှုသည် စားသုံးမှုအတွက် မပြည့်မီကြောင်း။
ထိုနေရာတွင် ဗီယက်နမ်နိုင်ငံကို ဥပမာပေးလိုကြောင်း၊ ဗီယက်နမ်နိုင်ငံသည် အကျယ်အဝန်း အားဖြင့် မြန်မာနိုင်ငံ၏ ထက်ဝက်မျှသာရှိပြီး လူဦးရေ ၂ ဆများကြောင်း၊ နိုင်ငံ၏သုံးပုံနှစ်ပုံသည် တောင်ကုန်းဒေသများဖြစ်ကြောင်း၊ သို့သော် လယ်ယာကဏ္ဍတွင် ဆန် ပြည်ပတင်ပို့မှုတန်ချိန် ၈ သန်းကျော်၊ တန်ဖိုးအမေရိကန် ဒေါ်လာ ၄ ဘီလီယံကျော်၊ ကော်ဖီတန်ချိန် ၁ သန်းကျော်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၈ ဘီလီယံကျော်၊ ငရုတ်ကောင်း တန်ချိန် ၀ ဒသမ ၂၄ သန်းကျော်၊ တန်ဖိုးအမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော်ရှိသည်ကိုတွေ့ရကြောင်း။
ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့်လည်း လယ်ယာထုတ်ကုန်များတိုးမြှင့်ရန် လိုအပ်နေသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များထဲတွင် လယ်ယာထွက်ကုန်များသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ပြီး ၂၀၂၄–၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၄၁ ဘီလီယံ၊ ၂၀၂၅–၂၀၂၆ ဘဏ္ဍာရေး နှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၄၃ ဘီလီယံ တင်ပို့နိုင်ခဲ့ကြောင်း။
စိုက်ပျိုးသီးနှံများကို တစ်ဧကပန်းတိုင်အထွက်နှုန်း ပြည့်မီအောင် စိုက်ပျိုးနိုင်ပါက အမေရိကန် ဒေါ်လာ (၄) ဘီလီယံခန့်၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သီးထပ် စွမ်းအား (Cropping Intensity) မြှင့်တင်နိုင်ပါက အမေရိကန်ဒေါ်လာ (၁၂)ဘီလီယံ ခန့်အထိ ပိုမိုရရှိနိုင်သည်ကို တွက်ချက် ရရှိကြောင်း၊ ထို့ကြောင့် လယ်ယာကဏ္ဍကို သမားရိုးကျထုတ်လုပ်မှုစနစ်မှ ခေတ်မီ၊ ထိရောက်ပြီး ရေရှည်တည်တံ့သည့် ထုတ်လုပ်မှုစနစ်သို့ ကူးပြောင်းရန်လိုအပ်ကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု ရှိလာသည်နှင့်အမျှ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုနှင့် ဝန်ဆောင်မှု ကဏ္ဍများ ဖွံ့ဖြိုးလာပြီး အလုပ်အကိုင်နှင့် ပြည်သူ့ဝင်ငွေ တိုးတက်လာကာ GDP မြင့်မားလာနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် လယ်ယာကဏ္ဍမြှင့်တင်ရေးသည် နိုင်ငံ့စီးပွားရေး တိုးတက်ရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးအတွက် အရေးကြီးသည့် ပထမခြေလှမ်းလည်း ဖြစ်ကြောင်း။
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် စီးပွားရေးအကျိုးအမြတ် တစ်ခုတည်းကို မကြည့်ဘဲ စားရေ ရိက္ခာဖူလုံရေးကိုလည်း အခြေခံမူဝါဒတစ်ရပ်အဖြစ် ထားရှိရန်လိုကြောင်း၊ လက်ရှိ ကမ္ဘာ့လူဦးရေသည် ၈ ဘီလီယံခန့်ရှိပြီး ၂၀၅၀ ပြည့်နှစ်တွင် ၁၀ ဘီလီယံအထိ တိုးလာနိုင်ခြင်းကြောင့် အနာဂတ်တွင် စားရေရိက္ခာလိုအပ်ချက် ပိုမိုမြင့်မားလာမည်ဖြစ်မှာ အသေအချာပင်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ပထဝီနိုင်ငံရေးနှင့် စီးပွားရေးမတည်ငြိမ်မှုများ၊ ဒေသတွင်းပဋိပက္ခများ၊ ကုန်သွယ်ရေး လမ်းကြောင်း များနှင့် စိုက်ပျိုးရေးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များ ပြတ်တောက်မှု၊ ရာသီဥတု ပြောင်းလဲမှုများ ကြောင့် ကမ္ဘာ့စားရေ ရိက္ခာဖူလုံရေးနှင့်ပတ်သက်ပြီး စိန်ခေါ်မှုများ ပိုမို ကြီးမားလာနိုင်ကြောင်း။
ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းစားရေရိက္ခာဖူလုံရေးကို အာမခံနိုင်ရုံသာမက မိမိတို့ နိုင်ငံ၏စိုက်ပျိုးရေး အလားအလာကိုအသုံးချပြီး ဒေသတွင်းနှင့် ကမ္ဘာ့ စားရေရိက္ခာ ဈေးကွက်တွင် အရေးပါသည့်ထုတ်လုပ်သူနှင့် တင်ပို့သူနိုင်ငံအဖြစ်၊ တစ်နည်းအားဖြင့် “ကမ္ဘာ့စပါးကျီ” နိုင်ငံ တစ်နိုင်ငံအဖြစ် ပါဝင်ဖော်ဆောင်နိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် ဆန်စပါး ကဏ္ဍတွင် ပြည်တွင်း စားသုံးမှုဖူလုံရေးနှင့်အတူ အရည်အသွေးကောင်းမွန်သည့် ဆန်များ ထုတ်လုပ်ပြီး ပိုလျှံထွက်ရှိမှုကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရေး ဆောင်ရွက်သွားကြရမည်၊ “မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းရမည်” ဆိုသည့်ရည်မှန်းချက်ကို လက်တွေ့အကောင်အထည် ဖော်နိုင်ရန် အထွက်နှုန်းသာမက အရည်အသွေး၊ စံချိန်စံညွှန်း၊ သိုလှောင်မှု၊ ကြိတ်ခွဲမှု၊ ထုပ်ပိုးမှုနှင့် ဈေးကွက် ချိတ်ဆက်မှုအထိ တစ်ဆက်တည်း မြှင့်တင်ရမည်၊ အရောင် အဆင်း၊ အနံ့၊ အရသာသည် ဈေးကွက်တွင် လိုအပ်ချက်ဖြစ်ကြောင်း၊ မိမိတို့ထုတ်လုပ်သည့် သီးနှံသည် အရောင်အဆင်းလှမည်၊ အနံ့အရသာနှင့် ပြည့်စုံမည်ဆိုပါက ဝယ်ယူသူအကြိုက်ဖြစ်သဖြင့် ရောင်းအားတက်လာမည် ဖြစ်ကြောင်း၊ အလားတူစွာပင် ပို့ကုန်ဈေးကွက်တွင်လည်း “ဈေးနှုန်းချင်းတူပါက ပစ္စည်း ပိုကောင်းရမည်၊ ပစ္စည်းချင်းတူပါက ဈေးနှုန်းသက်သာရမည်” ဆိုသည့် ဈေးကွက်ယှဉ်ပြိုင်ရေး အခြေခံသဘောတရားကို လက်တွေ့ကျင့်သုံးနိုင်ရန်လိုကြောင်း၊ ထုတ်လုပ်သူ၊ ရောင်းချသူများသည် လူ့သဘာဝအရ အကျိုးအမြတ်ရယူ လိုကြောင်း၊ အမြတ်များများရရှိရေးထက် အမြတ်နည်းနည်းဖြင့် ပစ္စည်းများများ ရောင်းချနိုင်ရေးကို အထက်ကဆိုခဲ့သည့် အခြေခံသဘောတရားနှင့် ဆောင်ရွက်စေလို ကြောင်း၊ တရုတ်နိုင်ငံသည် အဆိုပါနည်းဖြင့် တိုင်းပြည်ကို ဓနဥစ္စာကြွယ်ဝအောင် စတင် လုပ်ခဲ့ခြင်းဖြစ်ကြောင်း။
အလားတူ ပြည်တွင်းစားသုံးဆီဖူလုံရေးသည်လည်း ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝနှင့် တိုက်ရိုက် သက်ဆိုင်နေသည့် ကိစ္စတစ်ရပ်ဖြစ်ပါကြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်နှင့် ဆီအုန်းတို့ကဲ့သို့ ဆီထွက်သီးနှံများကို ဒေသအလိုက် သင့်လျော်သည့် သီးနှံရွေးချယ်မှုနှင့် ပန်းတိုင်အထွက်နှုန်း ရရှိအောင် စနစ်တကျတိုးချဲ့စိုက်ပျိုးရန်လိုအပ်ပါကြောင်း၊ ယင်းနေရာတွင် ထုတ်လုပ်မှုပမာဏ တိုးတက်ရေးတစ်ခုတည်းကို မကြည့်ဘဲ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ပြည်သူများ၏ ဝယ်ယူနိုင်စွမ်း တို့ကိုလည်း ထည့်သွင်းစဉ်းစားရမည်လည်းဖြစ်ကြောင်း၊ အခွင့်ကြုံခိုက် တင်ပြရမည် ဆိုပါ က ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် Food and Fertilizer Technology Center for the Asian and Pacific Region (FFTC-AP) အဖွဲ့အစည်းက နေပြည်တော်ရှိ အိမ်ထောင်စု ၂၂၀ ကို ကောက်ယူခဲ့သည့် စစ်တမ်းအရ အိမ်ထောင်စုတစ်စုသည် လစဉ်ဝင်ငွေ၏ ၆၃ ရာခိုင်နှုန်းကို အစားအသောက်အတွက် သုံးစွဲနေရပြီး ဆန်နှင့် ဆီသည် ကုန်ကျစရိတ်အများဆုံး ဖြစ်ပါကြောင်း၊ ဆန်အတွက် ၁၇ဒသမ၇၅ ရာခိုင်နှုန်း၊ ဆီအတွက် ၁၃ဒသမ၁၆ ရာခိုင်နှုန်း အသီးသီး သုံးစွဲ နေရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အခြေခံလူတန်းစား ပြည်သူများအနေဖြင့် ဈေးနှုန်း သက်သာသည့် စားအုန်းဆီကို ပိုမိုအားထား စားသုံးနေကြရခြင်းဖြစ်ကြောင်း၊ ပြည်တွင်း၌ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့ ထုတ် လုပ်နေသော်လည်း ပြည်သူများ၏ ဝယ်ယူနိုင်စွမ်းနှင့် ထုတ်လုပ်မှုစရိတ် မကိုက်ညီခြင်း၊ ဈေးကွက်ဝယ်လိုအားနှင့် ပြည်တွင်းထုတ်လုပ်မှု မျှတမှုမရှိခြင်းတို့ကြောင့် ပြည်တွင်း ဖြစ်ဆီများကို အပြည့်အဝ အသုံးမပြုနိုင်သေးသည်ကို လည်းလေ့လာတွေ့ရှိရကြောင်း။
ထို့ကြောင့် ပြည်တွင်းလိုအပ်ချက်နှင့်ကိုက်ညီအောင် ဆီထွက်သီးနှံများ တိုးမြှင့်ထုတ်လုပ်ခြင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ် လျှော့ချခြင်း၊ စားအုန်းဆီ တင်သွင်းမှုကို အဆင့်လိုက်လျော့ချခြင်းနှင့် ပြည်သူများ ဝယ်ယူနိုင်သည့် ဈေးနှုန်းဖြစ်စေရေးအတွက် နည်းလမ်းကောင်းများ ရှာဖွေဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်နှင့် ပြည်သူများအတွက် ရေတို၊ ရေရှည်အကျိုး ဖြစ်ထွန်းစေမည့် နည်းလမ်းများကိုလည်း ဝိုင်းဝန်းအကြံပြုဆွေးနွေးသွားကြရန် တိုက်တွန်း လိုပါကြောင်း။
စီးပွားဖြစ်လယ်ယာမှ ထွက်ရှိလာသည့် ထုတ်ကုန်အများစုသည် မူလကုန်ကြမ်းအဆင့်၌ပင် ရှိနေမည် ဆိုပါက တန်ဖိုးဖန်တီးနိုင်မှုသည် အကန့်အသတ်ရှိနေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ Agro-based Industries များကို တစ်ပြိုင်နက်တည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ လယ်ယာထွက်ကုန်ကို ကုန်ကြမ်းအဖြစ် ရောင်းချခြင်းထက် ကြိတ်ခွဲခြင်း၊ သန့်စင်ခြင်း၊ အခြောက်ခံခြင်း၊ ထုပ်ပိုးခြင်း၊ ပြုပြင် ထုတ်လုပ်ခြင်းနှင့် အရည်အသွေး မြှင့်တင်ခြင်းများကို ဆောင်ရွက်ပြီး တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်ရမည် ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ဆန်ကွဲတင်ပို့ခြင်းအစား အရည်အသွေးကောင်းသည့်ဆန်များ တင်ပို့ရောင်းချခြင်း၊ အရည်အသွေးကောင်းသည့် ပဲများတင်ပို့ ရောင်းချခြင်းများ လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ပဲစက်၊ ဆန်စက်၊များကိုလည်း အဆင့်မီအောင် ပြုပြင်ပြီး ဆီထွက်သီးနှံများ ပြည်ပသို့ရောင်းမည့်အစား ပန်းတိုင် ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ပြီး ပြည်တွင်း၌ပင် ဆီကြိတ်ထုတ်လုပ်ရောင်းချခြင်းဖြင့် ပဲကြိတ်ဖတ်များ၊ နှမ်းကြိတ်ဖတ်များသည် တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သကဲ့သို့ ပြည်တွင်းဆီဖူလုံမှုကိုလည်းများစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်နိုင်မည်ဆိုပါက တောင်သူများ၏ ထုတ်ကုန် တန်ဖိုးတိုးတက်လာမည် ဖြစ်သကဲ့သို့ စက်ရုံ၊ အလုပ်ရုံနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ပေါ်ပေါက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လယ်ယာအထောက် အကူပြုစက်မှုလုပ်ငန်းများ၊ သွင်းကုန်အစားထိုးလုပ်ငန်းများ၊ ပို့ကုန်ဦးတည်သည့် စက်မှု လုပ်ငန်းများ၊ အသေးစား၊ အလတ်စားနှင့် အကြီးစား Agro-based Industriesများကို ဒေသအလိုက် အားပေးဖော်ဆောင်ရန် လိုအပ်ကြောင်း၊ “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဟူသည့်ရည်မှန်းချက်ကို လက်တွေ့ အကောင်အထည် ဖော်ရာတွင် ယင်းကဏ္ဍသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း။
Agro-based Industry ဖွံ့ဖြိုးတိုးတက်ရေးတွင် အရည်အသွေးကောင်းသည့် ကုန်ကြမ်းရရှိရေးသည် အရေးကြီးပါကြောင်း၊ ထို့ကြောင့် ရော်ဘာ၊ ဝါ၊ ဝါး၊ ကော်ဖီ၊ ထောပတ်၊ သစ်သီးဝလံနှင့် အခြား ဒေသအလိုက် အားသာချက်ရှိသည့် သီးနှံများကို ထုတ်လုပ်မှုပမာဏသာမက အရည်အသွေးနှင့် တန်ဖိုးမြှင့်ထုတ်လုပ်မှုအထိ စဉ်းစားပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဝါနှင့် ပတ်သက်၍ ဥပမာ ပေးရမည်ဆိုပါက ဝါစိုက်ပျိုးမှုမှ ဝါဂွမ်း၊ ချည်၊ ချည်ထည်နှင့် အဝတ်အထည်အထိ တန်ဖိုးကွင်းဆက်တစ်ခုလုံး ဖော်ဆောင်နိုင်ရန်လိုကြောင်း၊ ဝါးကိုလည်း ရိုးရာ အသုံးပြုမှု အဆင့်မှာသာ မထားဘဲ စက္ကူ၊ ပရိဘောဂနှင့် အခြားတန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးကို အလေးထားဆောင်ရွက်သင့်ကြောင်း၊ အလားတူ ကော်ဖီ၊ သီဟိုဠ်၊ သရက်၊ ဒူးရင်း၊ ထောပတ်သီး၊ ပိန်းဥ၊ ငှက်ပျော စသည့်ပြည်ပဈေးကွက် အလားအလာရှိသည့် ထုတ်ကုန်များကိုလည်း တန်ဖိုးမြှင့်ပစ္စည်းများ ထုတ်လုပ်ပြီး အရည်အသွေး၊ စံချိန်စံညွှန်း၊ ထုပ်ပိုးမှုနှင့် အမှတ်တံဆိပ် ဖော်ဆောင်ရေးအထိ တစ်ဆက်တည်း ဆောင်ရွက်ရန်လိုကြောင်း၊ ထုတ်လုပ်နိုင်သည်ထက် ရောင်းချနိုင်သည့် ထုတ်ကုန်ဖြစ်စေရေး၊ ရောင်းနိုင်သည်ထက် တန်ဖိုးမြင့်သည့် ထုတ်ကုန်ဖြစ်စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
လယ်ယာကဏ္ဍဟူသည်မှာ စိုက်ပျိုးရေးတစ်ခုတည်းမဟုတ်ဘဲ မွေးမြူရေးကဏ္ဍနှင့်လည်း ပေါင်းစပ်စဉ်းစားရမည်ဖြစ်ကြောင်း၊ ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါးနှင့် အခြားမွေးမြူရေး လုပ်ငန်းများတွင် ထုတ်လုပ်မှုစနစ်၊ အစာစရိတ်၊ မွေးမြူရေးနည်း ပညာ၊ မျိုးကောင်းမျိုးသန့်နှင့် ဈေးကွက် ချိတ်ဆက်မှုတို့ကို တိုးတက်အောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
ယင်းလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုသည် အဓိက လိုအပ်ချက်တစ်ခုဖြစ်ကြောင်း၊ ခေတ်သစ်လယ်ယာကဏ္ဍ အသွင်ကူးပြောင်းရေး၊ MSME ဖွံ့ဖြိုး တိုးတက်ရေးနှင့် Agro-based Industries တည်ထောင်ရေးအတွက် လိုအပ်သည့် အရင်းအနှီးများကို အစိုးရဘဏ္ဍာငွေ၊ ပုဂ္ဂလိက ဘဏ္ဍာငွေနှင့် ပြည်သူများ၏ ရင်းနှီးမြှုပ်နှံမှုတို့ ပေါင်းစပ်ပြီး ဖြည့်ဆည်းပေးနိုင်ရေးလိုအပ်ပါကြောင်း၊ ယင်းအတွက် ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ အနေဖြင့်လည်း လယ်ယာကဏ္ဍ၏ ရာသီအလိုက် ဝင်ငွေစီးဆင်းမှု၊ ထုတ်လုပ်မှု စက်ဝန်းနှင့် အန္တရာယ်ဖြစ်နိုင်ချေများကို ထည့်သွင်းစဉ်းစားပြီး လက်တွေ့အသုံးဝင်သည့် ငွေကြေး ဝန်ဆောင်မှုများ ဖော်ဆောင်ပေးရန် လိုအပ်ပါကြောင်း။
မြန်မာနိုင်ငံ၏ ဒေသတစ်ခုချင်းစီတွင် သဘာဝအရင်းအမြစ်၊ ရာသီဥတု၊ မြေဆီလွှာနှင့် လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ ကိုယ်ပိုင်အားသာချက်များရှိကြောင်း၊ ထို့ကြောင့် One Region One Product – OROP ကဲ့သို့ ဒေသအလိုက် အားသာချက်ရှိသည့် ထုတ်ကုန်မျိုးများကို ရွေးချယ်ပြီး အရည်အသွေး မြှင့်တင်ခြင်း၊ တန်ဖိုးမြှင့်ထုတ်လုပ်ခြင်း၊ အမှတ်တံဆိပ်ဖော်ဆောင်ခြင်းနှင့် ပြည်တွင်း/ ပြည်ပဈေးကွက် ချိတ်ဆက်ခြင်းများကို စနစ်တကျ ဆောင်ရွက်နိုင်ပါကြောင်း၊ ယင်းသည် ဒေသဖွံ့ဖြိုးရေးကို အောက်ခြေအဆင့်ကနေ စတင်ပြီး အမျိုးသားစီးပွားရေးနှင့် ချိတ်ဆက်ပေးနိုင်မည့် နည်းလမ်း တစ်ရပ် ဖြစ်ကြောင်း။
ယခုအလုပ်ရုံဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်သည် အခြေအနေများကို ဆန်းစစ်လေ့လာ သုံးသပ်သည့် ဆွေးနွေးပွဲဖြင့်ပင် ရပ်တန့်သွားမည်မဟုတ်ကြောင်း၊ လက်တွေ့အကောင်အထည် ဖော်နိုင်မည့် မူဝါဒနှင့် လုပ်ငန်းစီမံချက်များ ထွက်ပေါ်လာရန်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ ဆွေးနွေးမှုတွင် - ဘာတွေဖြစ်နေသလဲ ဆိုသည်ထက် ဘာတွေကို ဦးစားပေးလုပ်မလဲ၊ ဘယ်လို လုပ်မလဲ၊ ဘယ်သူတွေက ဦးဆောင်မလဲ၊ ဘယ်အချိန်အတွင်း ပြီးစီးအောင်လုပ်မလဲ၊ ဘယ်လို အရင်းအမြစ်များဖြင့် ဆောင်ရွက်မလဲ ဆိုသည်များကို ပိုမိုအလေးထား ဆွေးနွေး ဆောင်ရွက် သွားကြစေလိုကြောင်း။
အထူးသဖြင့် ဆွေးနွေးပွဲရလဒ်အနေဖြင့် ဦးစားပေးဆောင်ရွက်ရမည့် ကဏ္ဍများ၊ မဟာဗျူဟာ လုပ်ငန်းစဉ်များ၊ နှစ်တို၊ နှစ်လတ် လုပ်ငန်းစီမံချက်များ၊ တာဝန်ယူ ဆောင်ရွက်မည့် အဖွဲ့အစည်းများ၊ လိုအပ်မည့် ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ နည်း ပညာနှင့် လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်များ၊ ဈေးကွက်နှင့် ပို့ကုန်ချိတ်ဆက်ရေး နည်းလမ်းများ၊ အကောင်အထည်ဖော်မှုကို စောင့်ကြည့် တိုင်းတာမည့် နည်းလမ်းများ အထိ တိတိကျကျ ဖော်ထုတ်နိုင်ရန် လိုအပ်ပါကြောင်း။
ယင်းရည်မှန်းချက်ကို အစိုးရတစ်ဖွဲ့တည်းဖြင့် အောင်မြင်အောင် ဆောင်ရွက်၍ မရကြောင်း၊ တောင်သူလယ်သမားများ၊ ပုဂ္ဂလိကကဏ္ဍ၊ စက်မှုလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ဘဏ်နှင့် ငွေရေး ကြေးရေး အဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ သုတေသနအဖွဲ့အစည်းများ၊ နည်းပညာရှင် များနှင့် သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ အားလုံးပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အထူးသဖြင့် အစိုးရမှ မူဝါဒနှင့် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးခြင်း၊ ပုဂ္ဂလိကက ရင်းနှီး မြှုပ်နှံမှုနှင့် နည်းပညာကို ဆောင်ရွက်ခြင်း၊ တောင်သူက အရည်အသွေးရှိသည့် ကုန်ကြမ်းထုတ်လုပ်ခြင်း၊ သုတေသနနှင့် ပညာရေးကဏ္ဍမှ နည်းပညာနှင့် အသိပညာ ဖြည့်ဆည်းပေးခြင်း ဟူသည့် အပြန်အလှန် အားဖြည့်သည့် စနစ်တစ်ရပ်ကို တည်ဆောက်ရန်လိုကြောင်း၊ ယင်းသည် Public–Private Partnership ကို အခြေခံပြီး လယ်ယာကဏ္ဍနှင့် စက်မှုကဏ္ဍကို ချိတ်ဆက် ဖော်ဆောင်ခြင်း ဖြစ်ကြောင်း။
ယနေ့ဆွေးနွေးပွဲကို တက်ရောက်လာကြသည့် ပညာရှင်များ၊ ကျွမ်းကျင်သူများ၊ လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏ အတွေ့အကြုံ၊ ကျွမ်းကျင်မှုနှင့် မြေပြင်လက်တွေ့အခြေအနေများကို အခြေခံပြီး ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းလိုကြောင်း၊ အထူးသဖြင့် “ဘာဖြစ်နေသလဲ” ဆိုတာထက် “ဘာကို ဘယ်လို ပြောင်းလဲမလဲ”၊ “ဘယ်အချိန်မှာ ဘယ်သူက ဘယ်လို အကောင်အထည်ဖော်မလဲ” ဟူသည့် လက် တွေ့ကျသည့် ဖြေရှင်းချက်များ ထွက်ပေါ်လာရန် အလေးထား ဆွေးနွေးသွားကြစေလိုကြောင်း။
ယနေ့အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် အကြံပြုချက်များ၊ မဟာဗျူဟာ လုပ်ငန်းစဉ်များနှင့် လုပ်ငန်းစီမံချက်များသည် စာတမ်းများအဖြစ်သာ ကျန်ရှိမနေဘဲ လက်တွေ့အကောင်အထည် ဖော်နိုင်သည့် မူဝါဒနှင့် Action Planများအဖြစ် ပြောင်း လဲဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက မြန်မာ့လယ်ယာကဏ္ဍသည် ခေတ်မီပြီးကုန်ထုတ်စွမ်းအား မြင့်မားသည့် ကဏ္ဍတစ်ရပ်အဖြစ် ပြောင်းလဲလာမည်ဖြစ်သကဲ့သို့ လယ်ယာအခြေပြု စက်မှု လုပ်ငန်းများ၊ MSME လုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ပြည်တွင်းထုတ်လုပ်မှုတို့ တိုး တက်လာပြီး နိုင်ငံ့ထုတ်ကုန်နှင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အင်အားပြည့် မောင်းနှင် ပေးနိုင်မည်ဟုယုံကြည်ကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတကဖြည့်စွက်ပြောကြားရာတွင် မိမိတို့နိုင်ငံ၏ စီးပွားရေးသည် တိုးတက်မှုရှိရန် လိုအပ်နေဆဲဖြစ်သဖြင့် မိမိအနေဖြင့် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အားပေး ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့် အကြံဉာဏ်များကို ပေးလျက်ရှိကြောင်း၊ နိုင်ငံ့စီးပွား ဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်၍ မိမိလေ့လာတွေ့ ရှိသမျှဆောင်ရွက်ရန်ရှိသည်များအား သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိဌာနဆိုင်ရာများကို အမြဲမပြတ် ဆွေးနွေးမှာကြား တိုက်တွန်း ဆောင်ရွက် စေလျက်ရှိကြောင်း။
မိမိတို့နိုင်ငံ၌ လက်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စပါးစိုက်ဧက စုစုပေါင်း ၁၇ ဒသမ ၄ သန်းရှိ ခဲ့ပြီး ရိတ်သိမ်းဧက ၁၇.၄ သန်းရှိကြောင်း၊ သို့သော်အဆိုပါရိတ်သိမ်းဧကများမှ ရရှိခဲ့သည့် ပျမ်းမျှ အထွက်နှုန်းမှာ ၈၅ တင်းခန့်သာရှိသည်ကို တွေ့ရကြောင်း၊ အဆိုပါ အထွက်နှုန်းအပေါ်မူတည်ပြီး ကာလပေါက်ဈေးဖြင့် တွက်ချက်မည်ဆိုပါက ရရှိမည့်ငွေသည် ၁၄၈၄ သန်းနီးပါး ဖြစ်ကြောင်း၊ အကယ်၍ ပန်းတိုင်အထွက်နှုန်းအတိုင်း ရရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက လက်ရှိရရှိနေသည့် ပမာဏထက် အမေရိကန် ဒေါ်လာ ၃ ဘီလီယံခန့် တိုးမြှင့်ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် သီးထပ်စိုက်ပျိုးနိုင်မည် ဆိုပါကလည်း အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံခန့် ပိုမိုရရှိလာမည် ဖြစ်ကြောင်း၊ ထို့ကြောင့်စိုက်ပျိုးရေးကဏ္ဍတွင် စပါးတစ်မျိုးတည်းကိုသာ အာရုံစိုက် ဆောင်ရွက်ရမည် မဟုတ်ဘဲ၊ နိုင်ငံတော်အနေဖြင့် အားပေးစိုက်ပျိုးလျက်ရှိသည့် သီးနှံ ၉ မျိုးကိုလည်း သက်ဆိုင်ရာဒေသများ၏ ရာသီဥတုနှင့် မြေအမျိုးအစားအလိုက် သင့်လျော်သည့် နေရာများတွင် တိုးမြှင့်စိုက်ပျိုးသွားကြရမည် ဖြစ်ကြောင်း။
အဆိုပါသီးနှံများကိုလည်း သတ်မှတ်ထားသည့် ပန်းတိုင်အထွက်နှုန်းအတိုင်း ရရှိအောင် ရည်မှန်းချက် ထားပြီး စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံအတွက် ပို့ကုန်ရငွေသည် အမေရိကန် ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံခန့် ပိုမိုရရှိလာ နိုင်မည်ဖြစ်ကြောင်း။
ထို့ကြောင့် သီးနှံတစ်မျိုးချင်းအလိုက် ဆန်းစစ်ကြည့်မည်ဆိုပါက ဆန်၊ စပါး ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၃ ဘီလီယံခန့် နစ်နာဆုံးရှုံးမှုများ ရှိနေသကဲ့သို့ အခြားသီးနှံ ၉ မျိုးတွင်လည်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံခန့် ဆုံးရှုံးမှုများရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း လူတစ်ဦး၏ နေ့စဉ်စားသောက်မှုတွင် ဆန်သည် အရေးကြီးသကဲ့သို့၊ စားသုံးဆီ သည်လည်း မရှိမဖြစ် အရေးပါသည့် အစားအစာတစ်ခု ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ မိမိတို့ မြန်မာနိုင်ငံတွင် လူဦးရေစုစုပေါင်း ၅၁ သန်းကျော်ရှိကြောင်း၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း၏ အကြံပြုထားသည့် စားသုံးမှုနှုန်းထားအတိုင်း တွက်ချက်ကြည့်မည်ဆိုပါက လက်ရှိထုတ်လုပ်မှုနှင့် စားသုံးမှုအခြေအနေကို သေချာစွာပြန်လည်ဆန်းစစ်ရန် လိုအပ်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ လူတစ်ဦးလျှင် တစ်နှစ်ကို ၆ ပိဿာ စားသုံးမည်ဆိုပါ က ပြည်တွင်းစားသုံးဆီ လိုအပ်ချက်သည် တန်ချိန် ၅ သိန်းခန့် ဖြစ်ကြောင်း။
ထို့ကြောင့် မြန်မာနိုင်ငံ၏ ဆီထုတ်လုပ်မှုအခြေအနေကိုလည်း ပြန်လည်ဆန်းစစ်ကြည့်ရန် လိုကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ် စာရင်းအချက်အလက်များအရ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာ၊ ပဲပုပ်နှင့် ဆီအုန်း စသည့်ဆီထွက်သီးနှံများမှ စုစုပေါင်း ဆီတန်ချိန် တစ်သန်းကျော် ထွက်ရှိနိုင်ကြောင်း၊ စာရင်း ဇယားများအရ ထွက်ရှိသည့်ဆီပမာဏနှင့် ပြည်တွင်းစားသုံးမှုကို ချိန်ထိုးတွက်ချက် ကြည့်မည် ဆိုပါက လုံလောက်ရုံမက ပိုလျှံနေသင့်သည့် အခြေအနေကို တွေ့ရမည်ဖြစ်ကြောင်း၊ ပန်းတိုင် ရည်မှန်းချက်ကိုပြည့်မှီပါကများစွာပိုလျှံနေမည်ဖြစ်ကြောင်း၊ ထည့်သွင်းစဉ်းစားရမည်မှာ မြေပဲ၊ နှမ်းတို့မှာ မိရိုးဖလာ စားသုံးသူရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံခြားငွေအမြောက်အများ အသုံးပြုပြီး တစ်နှစ်ကိုစားအုန်းဆီတန်ချိန် ၅၅၀,၀၀၀ ကနေ ၆၅၀,၀၀၀ အတွင်း ပြည်ပမှ တင်သွင်းပေးနေရသည်ကို တွေ့ရကြောင်း။
အလားတူ မိမိအနေဖြင့်အစောပိုင်းတွင် တင်ပြခဲ့သည့် ဆန်စပါးကဏ္ဍကိုလည်း ပြန်လည် ကြည့်ရှုရန် လိုကြောင်း၊ ဆန်စပါးကို ကြိတ်ခွဲထုတ်လုပ်မည်ဆိုပါက ဆန်အပြင် ထွက်ရှိလာသည့် ဖွဲနု၊ ဖွဲကြမ်း၊ ဆန်ကွဲနှင့် စပါးခွံများကိုလည်း ပြည်တွင်း၌ ပြန်လည်အသုံးချနိုင်မည် ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ဖွဲနုမှ ဖွဲနုဆီထုတ်လုပ်နိုင်သည့် အတွက် ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုကို တစ်ဖက်တစ်လမ်းမှ ထပ်မံဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း၊ ဖွဲကြမ်းကိုလည်း တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင် သကဲ့သို့၊ စပါးခွံကိုလည်း ထင်းအစားထိုး လောင်စာအဖြစ် အသုံးပြု နိုင်မည်ဖြစ်ကြောင်း၊ ဆန် စပါးကဏ္ဍ တစ်ခုတည်းမှ ထုတ်ကုန်တစ်မျိုးတည်း ရရှိခြင်းမဟုတ်ဘဲ၊ ထွက်ရှိလာသည့် ဘေးထွက် ပစ္စည်းများကိုပါ စနစ်တကျ ပြန်လည်အသုံးချပြီး တန်ဖိုးထပ်မံဖန်တီးနိုင်သည့် ဥပမာတစ်ခုအနေဖြင့် တင်ပြခြင်းဖြစ်ကြောင်း၊ တစ်ချိန်က ဖွဲနုဆီထုတ်ခဲ့သော်လည်း နည်းပညာအရ အရည်အသွေး ညံ့ဖျင်းမှုကြောင့် လူများကဖွဲနုဆီကို စိတ်မဝင်စားကြကြောင်း၊ ယခုခေတ်ကာလတွင် နည်းပညာများ မြင့်မားလာပြီဖြစ်သဖြင့် ဖွဲနုဆီသည် သာမန်စားသုံးဆီများနှင့် ယှဉ်လာနိုင်ပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် ဖွဲနုအမြောက်အများ ထွက်ရှိသည့် မိမိတို့နိုင်ငံအနေဖြင့် ဖွဲနုဆီထုတ်လုပ်သုံးစွဲမှုကို အားပေးရန် လိုကြောင်း။
ထို့အပြင် မိမိတို့နိုင်ငံတွင်ရှိသည့် လူဦးရေစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းခန့်၊ အရေအတွက် အားဖြင့် ၁၅ သန်းခန့်သည် မြို့ပြဒေသများတွင် နေထိုင်ကြကြောင်း၊ အဆိုပါ လူဦးရေ ၁၅ သန်းသည် တစ်နေ့ကို လူတစ်ဦးလျှင် ကြက်ဥတစ်လုံးနှုန်း စားသုံးမည်ဆိုပါက တစ်နေ့ကိုကြက်ဥအလုံးရေ ၁၅ သန်း လိုအပ်မည် ဖြစ်ကြောင်း၊ ထိုသို့ နေ့စဉ် ကြက်ဥ ၁၅ သန်း ထုတ်လုပ်ပေးနိုင်ရန်အတွက် ဥပေးနိုင်သည့် ကြက်အကောင်ရေ သန်း ၂၀ ခန့် လိုအပ်မည်ဖြစ်ကြောင်း၊ အလားတူပင် ကြက်သားစားသုံးမှုကို ကြည့်မည်ဆိုပါက လူတစ်ဦးလျှင် တစ်နေ့ ၅ ကျပ်သား နှုန်းဖြင့် တွက်ချက်မည်ဆိုပါက စုစုပေါင်း ကြက်သားပိဿာချိန် ၈ သိန်းခန့် လိုအပ်မည် ဖြစ်ကြောင်း၊ ကြက်တစ်ကောင်၏ အသားထွက်ရှိမှုကို ပျမ်းမျှ ၁ ပိဿာနှုန်းဖြင့် တွက်ချက်မည်ဆိုပါက နေ့စဉ်စားသုံးမှုအတွက် အသားတိုးကြက် စုစုပေါင်း အကောင်ရေ ၈ သိန်းခန့် လိုအပ်မည် ဖြစ်ကြောင်း၊ အလားတူ ဝက်သားစားသုံးမှုကိုလည်း လူတစ်ဦး လျှင် တစ်နေ့ ၅ ကျပ်သားနှုန်းဖြင့် တွက်ချက်မည် ဆိုပါက စုစုပေါင်း ဝက်သားပိဿာချိန် ၈ သိန်း လိုအပ်မည်ဖြစ်ကြောင်း၊ ဝက်တစ်ကောင်ကို ပျမ်းမျှ ၅၀ ပိဿာနှုန်းဖြင့် တွက်ချက်မည်ဆိုပါက နေ့စဉ် စားသုံးမှုအတွက် ဝက်အကောင်ရေ ၁၅၆၈၂ လိုအပ်မည်ဖြစ်ကြောင်း၊ အဆိုပါအချက်များကို ကြည့်မည်ဆိုပါက မိမိတို့နိုင်ငံ၏လူဦးရေလိုအပ်ချက်နှင့်အညီ အစားအစာဖူလုံရေးအတွက် မွေးမြူရေး ကဏ္ဍသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို တွေ့ရမည် ဖြစ်ကြောင်း။
ထို့ကြောင့် မိမိတို့အနေဖြင့် မွေးမြူရေးကဏ္ဍကို လက်ရှိအခြေအနေထက် ပိုမိုတိုးမြှင့် ဆောင်ရွက်ပြီး ပြည်တွင်းစားသုံးမှုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအပြင် ထုတ်လုပ်မှုတိုးတက်လာသည့်အခါ ပိုလျှံထုတ်ကုန်များကို ပြည်ပဈေးကွက်အထိ တင်ပို့နိုင်ရေးကိုပါ ရည်မှန်းဆောင်ရွက်သွားကြရန် လိုအပ်မည် ဖြစ်ကြောင်း၊ အခြား သီးနှံများကိုလည်း ဥပမာပေးရမည်ဆိုပါက ဝါစိုက်ပျိုးရေးကဏ္ဍကို ကြည့်နိုင်ကြောင်း၊ ပိုလျှံသည့် ဝါကို ဝါဂွမ်းအနေဖြင့် ပြည်ပကို တင်ပို့ခြင်းထက် ပြည်တွင်း၌ တန်ဖိုးမြှင့် ထုတ်လုပ်မည်ဆိုပါက ဝါဂွမ်းမှချည်၊ ချည်မှချည်ထည်နှင့် အဝတ်အစားများကို ဆက်လက်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆက်စပ် ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်တွင်း အဝတ်အထည် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သကဲ့သို့ တန်ဖိုးမြှင့် ထုတ်ကုန်များ အဖြစ် ပြည်ပ ဈေးကွက်ကိုလည်း တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်း သည် Agro-Based Industries ပင်ဖြစ်ကြောင်း။
ထို့အပြင် ဝါမှရရှိသည့် ဝါစေ့ကိုလည်း ဝါစေ့ဆီအဖြစ် ထုတ်လုပ်နိုင်ကြောင်း၊ ဝါကြိတ်ဖတ် ကိုလည်း တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သကဲ့သို့ လင်တာဂွမ်းကိုလည်း စက်မှုလုပ်ငန်းများတွင် အသုံးချနိုင်မည် ဖြစ်ကြောင်း၊ ဆိုလိုသည်မှာ ဝါစိုက်ပျိုးရေးမှ ထွက်ရှိလာသည့် ထုတ်ကုန်နှင့် ဘေးထွက်ပစ္စည်းများကိုပါ အလဟဿမဖြစ်စေဘဲ အမျိုးမျိုးပြန်လည် အသုံးချနိုင်ခြင်းဖြစ်ကြောင်း၊ အိမ်တွင်းစက်မှု လုပ်ငန်းများကနေ အလုပ်အကိုင် အခွင့်အလမ်းများစွာရကြောင်း၊ အထူးသဖြင့် အမျိုးသမီးများ၏ လုပ်အားများစွာ ရရှိနိုင်ကြောင်း။
အလားတူ ဝါးစိုက်ပျိုးရေးကဏ္ဍတွင်လည်း ဝါးကို ကုန်ကြမ်းအတိုင်း ပြည်ပသို့ တင်ပို့ခြင်းထက် ဝါးမှတန်ဖိုးမြှင့်စက်မှုထုတ်ကုန်များ ထုတ်လုပ်သွားရန်လိုအပ်ကြောင်း၊ ဥပမာအားဖြင့် လူသုံးကုန် ပစ္စည်းများ၊ ပရိဘောဂများ၊ စက္ကူ၊ အထည် အလိပ်၊ ဝါးတူ၊ သွားကြားထိုးတံ စသည့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်ကြောင်း၊ ထို့အပြင် ဝါးတူလုပ်ငန်းမှ ထွက်ရှိလာသည့် အမှုန်များကိုလည်း ခြင်ဆေးခွေ ထုတ်လုပ်သည့် လုပ်ငန်းများအတွက် ပြန်လည်ရောင်းချအသုံးပြုနိုင်ကြောင်း၊ ဝါးခွဲရာမှ ထွက်ရှိလာသည့် ဝါးဆစ်ပိတ်များကိုလည်း အပူလုံနည်းပညာဖြင့် လောင်ကျွမ်းစေပြီး ဝါးမီးသွေး အဖြစ် ထုတ်လုပ်နိုင်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက သဘာဝ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် ထုတ်ကုန်များကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့ တန်ဖိုးမြှင့် လက်မှုနှင့် စက်မှုထုတ်ကုန်များထုတ်လုပ်ပြီး ပြည်ပဈေးကွက်များသို့ တင်ပို့နိုင်မည် ဆိုပါက နိုင်ငံခြားငွေ ရရှိလာမည် ဖြစ်သကဲ့သို့ ဒေသခံပြည်သူများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း။
အလားတူ ကြံစိုက်ပျိုးရေးကဏ္ဍကို ကြည့်မည်ဆိုပါကလည်း ကြံမှတဆင့် သကြားထုတ်လုပ်ရုံ သာမက ထွက်ရှိလာသည့် ဘေးထွက်ပစ္စည်များကိုပါ ပြန်လည်အသုံးချနိုင်ကြောင်း၊ ဥပမာအားဖြင့် ကြံကြိတ်ဖတ်များကို မြေဩဇာထုတ်လုပ်သည့် လုပ်ငန်းများတွင် အသုံးပြုနိုင်ပါကြောင်း၊ သကြား ထုတ်လုပ်သည့် လုပ်ငန်းစဉ်အတွင်း ရရှိလာသည့် တင်လဲရည်များကိုလည်း အဖျော်ယမကာ ထုတ်လုပ်ရေးတွင် အဓိကအသုံးပြုနိုင်သကဲ့သို့ သဘာဝမြေဩဇာပြုလုပ်သည့် ဘိုကာရှိ နည်းလမ်း များတွင်လည်း ထည့်သွင်းအသုံးပြုနိုင်ကြောင်း၊ ယင်းသို့စိုက်ပျိုးရေးထုတ်ကုန်များ၏ ဘေးထွက် ပစ္စည်းများကိုပါ ပြန်လည်အသုံးချနိုင်မယ်ဆိုပါက ထုတ်လုပ်မှုကုန်ကျစရိတ်ကို တစ်ဖက် တစ်လမ်းမှ လျှော့ချနိုင်သကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းများအတွက်လည်း ထပ်မံအကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း။
ထို့အပြင် နေကြာ၊ နှမ်း စိုက်ပျိုးမွေးမြူရေးကဏ္ဍများကိုအခြေခံပြီးပျား မွေးမြူရေး လုပ်ငန်းကိုလည်း တွဲဖက်ဆောင်ရွက်နိုင်ကြောင်း၊ လက်ရှိကမ္ဘာ့ဈေးကွက်နှင့် ဒေသတွင်းဈေးကွက်များတွင် ပျား မွေးမြူရေးမှရရှိသည့် ပျားရည်အတွက် ဈေးကွက်အလားအလာများ ရှိနေသည်ကိုလည်း တွေ့ရကြောင်း၊ ပျားမွေးမြူရေး၏ အကျိုးကျေးဇူးသည် ပျားရည်ထုတ်လုပ်ရရှိမှု တစ်ခုတည်း မဟုတ်ဘဲ ပျားများသည် သီးနှံများ၏ ဝတ်မှုန်ကူးမှုကို ကူညီပေးခြင်းကြောင့် သီးနှံအထွက်နှုန်း တိုးတက်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ပြီး တောင်သူများအနေဖြင့် အပိုဝင်ငွေရရှိစေပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆက်စပ်လုပ်ငန်းများကို သီးခြားစီဆောင်ရွက်ခြင်းထက် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပြီး ထွက်ရှိလာသည့် ထုတ်ကုန်နှင့် ဘေးထွက် ပစ္စည်းများကို အပြည့်အဝ ပြန်လည်အသုံးချနိုင်မည့် စနစ်တစ်ရပ်အဖြစ် ဖော်ဆောင် သွားနိုင်ရန် လိုအပ်ကြောင်း။
လက်ရှိနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများအနက် အဓိကတွေ့ မြင်နေရသည်မှာ ကုန်ဈေးနှုန်း ကြီးမြင့်နေမှုပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ဈေးနှုန်းများကြီးမြင့်နေရသည့် အကြောင်းရင်းကို မိမိတို့အနေဖြင့် တိတိကျကျ ဆန်းစစ်ရန်လိုအပ်ပါကြောင်း၊ ပထမအချက်အနေဖြင့် ထုတ်လုပ်မှုနှင့် သုံးစွဲမှု Supply and Demand မမျှတခြင်းကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း၊ ဒုတိယအချက်အနေ ဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ် Cost of Production (CoP) မြင့်မားနေခြင်းကြောင့်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားရသည့် အကြောင်းရင်းများ အနက် ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားခြင်း၊ သယ်ယူပို့ဆောင်ရေးစရိတ် ကြီးမြင့်ခြင်း၊ လုပ်အားခမြင့်မားခြင်း၊ အခြေခံကုန်ကြမ်းများ ဈေးနှုန်းမြင့်တက်လာခြင်းနှင့် အခြားအထွေထွေ ကုန်ကျစရိတ်များ မြင့်မားနေခြင်းတို့ပါဝင်ကြောင်း၊ ထို့ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ် နိုင်ရန်ဆိုပါက ထုတ်လုပ်မှုနှင့် စားသုံးမှုမျှတအောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထုတ်လုပ်မှုနှင့် စားသုံးမှုမျှတလာမှသာ ဈေးကွက်အတွင်း လိုအပ်ချက်နှင့် ရောင်းလိုအားကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း။
အချုပ်အားဖြင့်ဆိုပါက နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုသည် ထုတ်လုပ်မှုမှ စတင်ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လယ်ယာ၊ မွေးမြူရေး၊ သဘာဝအရင်းအမြစ်နှင့် လူ့စွမ်းအားများကိုအခြေခံပြီး ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထုတ်လုပ် လိုက်သည့် ကုန်ကြမ်းများကိုလည်း ကုန်ကြမ်းအတိုင်း ရောင်းချခြင်း၊ တင်ပို့ခြင်းမျိုးမဟုတ်ဘဲ ပြုပြင် ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်းနှင့် အရည်အသွေးမြှင့်တင်ခြင်းများကို ဆောင်ရွက်ပြီး တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ ထိုသို့တန်ဖိုးမြှင့်ထုတ်လုပ်နိုင်မှသာ ပြည်တွင်းဈေးကွက်တွင် ဖြန့်ဖြူးရောင်းချနိုင်သကဲ့သို့ ပြည်ပဈေးကွက်ကိုလည်း တင်ပို့နိုင်မည်ဖြစ်ပါ ကြောင်း၊ ဈေးကွက်နှင့် ချိတ်ဆက်ပြီး ရောင်းချနိုင်လာသည့်အခါ ထုတ်လုပ်သူများ၏ ဝင်ငွေ တိုး လာမည်ဖြစ်သကဲ့သို့ လုပ်ငန်းများတိုးချဲ့ ရင်းနှီးမြှုပ်နှံနိုင်လာမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ တိုးတက် လာသည်နှင့်အမျှ တိုက်ရိုက်အလုပ်အကိုင်များ၊ သွယ်ဝိုက်အလုပ်အကိုင်များ ပိုမိုဖန်တီး ပေးနိုင်မည် ဖြစ်ကြောင်း၊ အလုပ်အကိုင်နှင့် ဝင်ငွေတိုးလာသည့်အခါ ပြည်သူများ၏ စားဝတ်နေရေး ပိုမို ကောင်းမွန်လာမည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေးနှင့်လူနေမှု အဆင့်အတန်းများတွင်လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု တိုးတက် လာသည်နှင့်အမျှ နိုင်ငံ့အမျိုးသားဝင်ငွေ တိုးတက်လာပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။
ယင်းနောက် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အနုပညာရှင်များက “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန် တိုးတက်မှုသို့” အစီအစဉ်ဖြင့် သရုပ်ဖော် ဂုဏ်ပြုဖျော်ဖြေတင်ဆက်ကြသည်။
၎င်းနောက် နိုင်ငံတော်သမ္မတထံ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် က“လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန် တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအထိမ်းအမှတ် လက်ဆောင်အား နေရာအရောက် ဂါရဝပြု ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် အခမ်းအနား တက်ရောက်လာကြသူများနှင့် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။ အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် အခမ်းအအနား တက်ရောက် လာကြသူများသည် “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန် တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအထိမ်းအမှတ်ပြခန်းများကို စိတ်ပါဝင်စားစွာဖြင့် လှည့်လည် ကြည့်ရှုကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော် သမ္မတက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)




No comments