ဒါကာ လူငယ်အိုလံပစ်ပြိုင်ပွဲအတွက် ဂါနာနိုင်ငံ အသင့်ဖြစ်နေ



စက်တင်ဘာ ၁၈

ဂါနာနိုင်ငံသည် ဆီနီဂေါနိုင်ငံ ဒါကာမြို့တွင် ကျင်းပမည့် ၂၀၂၆ လူငယ်အိုလံပစ်အားကစားပွဲအတွက် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ဂါနာအိုလံပစ်ကော်မတီ (GOC)က ယမန်နေ့က ထုတ်ပြန်ချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

အနောက်အာဖရိကနိုင်ငံကိုယ်စားပြု လူငယ်အားကစားသမား ၁၃ ဦးသည် ရှစ်မျိုးသော အားကစားနည်းများတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဟု သိရသည်။

အသက် ၁၃ နှစ်မှ ၁၇ နှစ်ကြားရှိ အားကစားသမားများသည် နိုင်ငံတကာ အားကစားအဖွဲ့ချုပ်များ၏ သတ်မှတ်ထားသည့် အရည်အချင်းပြည့်မီမှု လမ်းကြောင်းများမှတစ်ဆင့် အရည်အချင်းပြည့်မီခဲ့ကြပြီး အာဖရိကတိုက်မြေပေါ်တွင် ပထမဆုံးအကြိမ် ကျင်းပမည့် လူငယ်အိုလံပစ်အားကစားပွဲတွင် ဂါနာနိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်ကြမည်ဖြစ်သည်။

၂၀၂၆  ဒါကာလူငယ်အိုလံပစ်ပြိုင်ပွဲကို အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အားကစားနည်း ၂၅ မျိုးတွင် အားကစားသမား ၂၇၀၀ ခန့် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဂါနာနိုင်ငံသည် လူငယ်နွေရာသီအိုလံပစ်အားကစားပွဲကို ၂၀၁၀ ခုနှစ်တွင် စင်ကာပူနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပခဲ့သည့်အချိန်မှစ၍ ၂၀၁၄ ခုနှစ် နန်ကျင်းနှင့် ၂၀၁၈ ခုနှစ် ဘူနော့စ်အေးရိစ်တို့တွင် ကျင်းပခဲ့သည့် ပြိုင်ပွဲများအပါအဝင် ကျင်းပခဲ့သမျှ ပြိုင်ပွဲတိုင်းတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.