တစ်ကျော့ပြန် နျူကလီးယား နည်းပညာ (၇)

 


နီဇော်သစ်

ဖျူရှင်နည်းပညာတွင်    လေဆာနည်းနှင့် သံလိုက်နည်း နှစ်မျိုးရှိပြီး သူ့နည်းနှင့်သူ တိုးတက်မှုများရှိနေသည်ကို ရှေ့အပိုင်းများတွင် တင်ပြခဲ့ပါသည်။ အဓိ‌ကအားဖြင့် အမေရိကန်၏ လေဆာနည်းနှင့် တရုတ်၏ သံလိုက်နည်းကိုပြခဲ့သည်။ သို့သော် ဖျူရှင်နည်းပညာ၏ အဓိကလမ်းကြောင်းဖြစ်သည့် သံလိုက်တိုကာမက်နည်းပညာကို ကြည့်မည်ဆိုလျှင် ဥရောပ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့သည်လည်း ကိုယ်ပိုင်အားသာချက်များဖြင့် အရေးပါသည့်နေရာတွင် ရှိနေကြသည်။

ဥရောပက စပါမည်။ အပိုင်း(၃)တွင်ဥရောပ၌ ဖျူရှင်နည်းပညာ စတင်အခြေတည်သည့်အကြောင်းနှင့် အပိုင်း(၄) တွင် ဥရောပ၏ အကြီးဆုံး ဖျူရှင် သုတေသနလုပ်ငန်းအဖြစ်မှ နောက်ပိုင်းတွင် နိုင်ငံစုံ ဖျူရှင်သုတေသနလုပ်ငန်းကြီးဖြစ်လာသည့် အီတာ(ITER)  ဖြစ်တည်လာသည့်အကြောင်းကို တင်ပြခဲ့ပြီးပါပြီ။ အီတာသည်  ဥရောပ၏ ဖျူရှင် နည်းပညာလမ်းကြောင်း အလယ်ဗဟိုတွင်ရှိသည်။

ပြင်သစ်နိုင်ငံ ကာဒါရာချေးတွင် တည်ဆောက်နေသည့် အီတာသည် ကမ္ဘာ့အကြီးဆုံး တိုကာမက်။ အဓိကရည်ရွယ်ချက်မှာ   ဖျူရှင်ပလာစမာထဲသို့ ထည့်သွင်းပေးရသည့်   အပူစွမ်းအင်ထက်   အဆ များစွာပိုမိုသော ဖျူရှင်အပူစွမ်းအင်ကို ထုတ်ပေးနိုင်ကြောင်း သက်သေပြရန်။ ထို့ကြောင့် အီတာသည် ဖျူရှင်လျှပ်စစ်ဓာတ်အားပေးစက်ရုံသုတေသနမဟုတ်။ ဖျူရှင်ဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်ရန် လိုအပ်သည့် ပလာစမာ ရူပဗေဒ နှင့် ဓာတ်ပေါင်းဖိုတည်ဆောက်ပုံတို့ကို သက်သေပြပေးမည့် စမ်းသပ်ချက်ဖြစ်သည်။

ပြီးခဲ့သည့်  ဇူလိုင်က  အီတာ၏ တိုကာမက် ဗဟိုချက်ကို ဖွဲ့စည်းပေးမည့် မော်ဂျူးကိုးခုအနက် ခြောက်ခုမြောက်ကို  တပ်ဆင်ပြီးစီးခဲ့သည်။ ယင်းမှာ လက်ရှိ နောက်ဆုံးအခြေအနေ။ အူတိုင်၏ သုံးပုံနှစ်ပုံတည်ဆောက်ပြီးပြီ။ နောက်ဆုံးအပိုင်းကို လာမည့်နှစ်ထဲတွင် အပြီးတည်ဆောက်ရန် ရည်မှန်းထား၏။

အီတာက  သုတေသနအလွန်ဆန်သည်။ စက်ကို တစ်ခါတည်း အပြည့်အဝတပ်ဆင်ပြီးမှ စမ်းသပ်မှုစတင်မည့်လမ်းကြောင်းကို ရွေးချယ်ထားသည်။   ထို့ကြောင့်  ဒူတီရီယံ-ထရစ်တီယံ ပလာစမာလုပ်ငန်းစဉ်ကို  ၂၀၃၉  ခုနှစ်မှ  စတင်မည်။

ဥရောပ၏ နောက်တစ်ဆင့်မှာ ဒီမို(DEMO)။ ဒီမိုကတော့ သရုပ်ပြ ဓာတ်အားပေးစက်ရုံ (Demonstration Power Plant)။ ဖျူရှင်စွမ်းအင်ကို လျှပ်စစ်ဓာတ်အားပြောင်းပြီး ဓာတ်အားပေးလိုင်း ကွန်ရက်ထဲသို့ ထည့်နိုင်ရန်အထိ ရည်ရွယ်ထားသည်။ သို့သော် မှန်းထားသည်က ၂၀၅၀ ဝန်းကျင်မှ လည်ပတ်မည်။ လျှပ်စစ်ဓာတ်အား ၃၀၀ မဂ္ဂါဝပ်မှ ၅၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ရန် ရည်မှန်းထားသည်။

သို့သော်  ယခုနှစ်မှစတင်၍   ဥရောပသည် အီတာ-ဒီမိုလမ်းကြောင်းကိုသာ  အာရုံစိုက်နေခြင်းမဟုတ်တော့။ ဥရောပသမဂ္ဂသည်  ပထမဆုံး ဥရောပတိုက်လုံးဆိုင်ရာ  ဖျူရှင်မဟာဗျူဟာကို စီစဉ်နေပြီး   အီတာနှင့်  အစိုးရသုတေသနကိုသာ အားထားခြင်းမပြုတော့ဘဲ ပုဂ္ဂလိကစက်မှုလုပ်ငန်း များနှင့် လုပ်ငန်းသစ်များပါ  ပါဝင်နိုင်မည့် ဖျူရှင် ဂေဟစနစ်တစ်ခုတည်ဆောက်ရန်   ပြင်ဆင်နေပြီ ဖြစ်သည်။ ၂၀၂၆-၂၀၂၇   ယူရာတွမ်စီမံကိန်းမှ စတင်ကာ ဥရောပအစိုးရ-ပုဂ္ဂလိက မိတ်ဖက်စနစ်ကို စတင်အသုံးပြုပြီး အနာဂတ် ဖျူရှင်ဓာတ်အားပေးစက်ရုံများအတွက် နည်းပညာရင့်ကျက်လာအောင် စတင်လုပ်ဆောင်နေပြီဖြစ်သည်။

ဂျပန်ကို  ဆက်ကြည့်ပါမည်။ ဂျပန်နိုင်ငံ၏ ဖျူရှင်စီမံကိန်းတွင် အရေးကြီးဆုံးစက်များထဲမှ တစ်ခုက JT-60SA။ ဂျပန်နှင့် ဥရောပတို့ ပူးပေါင်းတည်ဆောက်ထားသည့် စူပါကွန်ဒတ်တာ သံလိုက် သုံးတိုကာမက်။ အီဘာရာခိပြည်နယ် နာကာမြို့တွင် တည်ထားသည်။ ဥရောပ၏ အီတာ(ITER)နှင့် တရုတ်နိုင်ငံ၏ ဘက်စ်(BEST)တို့လောက် အရွယ်အစားမကြီးသော်လည်း လက်ရှိလည်ပတ်နေသည့် စူပါကွန်ဒတ်တာ တိုကာမက်များထဲတွင် အကြီးဆုံး။

ဘာကြောင့် သူကဦးဆောင်နေတာလဲဆိုလျှင် ဥရောပနှင့် ဂျပန်တို့ပေါင်းပြီး အီတာအတွက် ရှေ့ပြေးအဖြစ် စမ်းသပ်နေခြင်းကြောင့်ဟု ဆိုနိုင်သည်။ ၂၀၂၃ ခုနှစ် တွင် ပထမဆုံး ပလာစမာကို စတင်ထုတ်လုပ်နိုင်ခဲ့ပြီး အပြည့်အဝ အပူပေးစမ်းသပ်နိုင်ရန် မွမ်းမံမှုများလုပ်ခဲ့သည်။ ယခုနှစ်အတွင်း  ပလာစမာအပူပေး စမ်းသပ်မှုများ လုပ်ဆောင်သွားဖို့ စီစဉ်ထားသည်။ထူးခြားသည်မှာ ထိုလုပ်ငန်းစဉ်များထဲတွင် အေအိုင်နည်းပညာကို  ထည့်သွင်းအသုံးပြုရန် စီစဉ်ထားခြင်းဖြစ်သည်။ ဖိအားမြင့် ပလာစမာကို စက္ကန့် ၁၀၀ ထိန်းထားနိုင်ရန် ရည်ရွယ်ချက်လည်း ပါဝင်သည်။

ဒါပေမဲ့  ဂျပန်ရဲ့  ရည်မှန်းချက်က JT-60SA တွင် ရပ်နေသည်မဟုတ်။ ယခင်က JA-DEMO ဟု အမည်ပေးထားသည့် သရုပ်ပြလျှပ်စစ်ဓာတ်အားပေး စက်ရုံကို ရည်ရွယ်ထားခဲ့သည်။   ယင်းမှာ အီတာ ထက်ပင် တစ်ဆခွဲနီးပါးပိုကြီးပြီး လုပ်ဆောင်စရာ များစွာလိုသဖြင့် Q-DEMO ဟု အမည်ပေးထားပြီး အီတာနှင့်   ရွယ်တူလောက်   သရုပ်ပြ လျှပ်စစ် ဓာတ်အားပေးစက်ရုံအဖြစ်  ယခုနှစ်တွင် သဘောတရား ပြန်လည်ပြင်ဆင်ထားသည်။ ၂၀၃၀ ပြည့်နှစ် လောက်တွင် လည်ပတ်နိုင်ရန် ရည်မှန်းထားသည်။

တောင်ကိုရီးယားဆီသို့  သွားပါမည်။ တောင်ကိုရီးယား၏ အဓိကလက်နက်က KSTAR။ KSTAR သည်  ၂၀၀၇ ခုနှစ်ကတည်းက လည်ပတ်နေသည့် စူပါကွန်ဒတ်တာ တိုကာမက်။ အလွန်မြင့်မားသော  အပူချိန်ပလာစမာကို အချိန်ကြာကြာ ထိန်းသိမ်းနိုင်ရေးတွင် ကမ္ဘာ့ထိပ်တန်းရလဒ်များ ရရှိထားသည်။ ၂၀၂၁ ခုနှစ်တွင် 100 million °C အိုင်ယွန်အပူချိန်ရှိ ပလာစမာကို  စက္ကန့်  ၃၀ ကြာ ထိန်းသိမ်းနိုင်ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ၄၈ စက္ကန့်ကြာ ထိန်းသိမ်းနိုင်ခဲ့သည်။ အခြားနိုင်ငံများကဲ့သို့ပင် တောင်ကိုရီးယားသည်လည်း KSTAR တစ်ခုတည်းကို တည်ထားခြင်းမဟုတ်။

တောင်ကိုရီးယား၏ လက်ရှိ ဖျူရှင်နည်းပညာ လမ်းပြမြေပုံတွင် ယခုနှစ်အတွက် KSTAR ၏ ပလာစမာ   အပူချိန်ထိန်းသိမ်းမှုစီမံကိန်းအပြင် တန်စတင်ဒိုင်ဗာတာ၊   အပူပေးခြင်းနှင့်   လျှပ်စီးကြောင်းမောင်းနှင်ရေးစနစ်များ၊   စူပါကွန်ဒတ်တာ သံလိုက်များ၊ ထရစ်တီယံ မွေးထုတ်ပေးမည့် ခြုံလွှာ၊ ဖျူရှင်ဒြပ်ပစ္စည်းများ၊ လောင်စာသံသရာ၊ ဘေးကင်း လုံခြုံရေးနှင့် လိုင်စင်ဆိုသည့် ကဏ္ဍရှစ်ခုကို အပြိုင်မောင်းနှင်နေသည်။ ၂၀၃၅ ခုနှစ်တွင် ပိုမိုမြင့်မား ‌သော နည်းပညာအဆင့်တစ်ခု၌ အဆင်သင့်ဖြစ်နေရန် ရည်မှန်းထားသည်။

ထို့ပြင် ပြီးခဲ့သည့် ဩဂုတ်တွင် တောင်ကိုရီးယားအစိုးရက ဖျူရင်ဓာတ်ပေါင်းဖိုတိုးတက်မှု ပိုမို မြန်ဆန်စေရန် အေအိုင်အခြေပြု ပုံရိပ်ယောင် ဖျူရှင်ဓာတ်ပေါင်းဖိုဖန်တီးမှုကိုစတင်ခဲ့ပြီး ကိုရီးယားနိုင်ငံပိုင်  ဖျူရှင်ဓာတ်ပေါင်းဖိုတစ်ခုကို ၂၀၃၅ ခုနှစ်တွင်  သရုပ်ပြအဆင့်ရပြီး ၂၀၄၀ ပြည့်နှစ်တွင် စီးပွားဖြစ်ထုတ်လုပ်နိုင်ရန် ရည်မှန်းထားသည်။

အားလုံးကိုခြုံကြည့်လျှင်   ဖျူရှင်နည်းပညာ ပြိုင်ဆိုင်မှုလောကထဲမှ နိုင်ငံများသည် ယခုနှစ်ပိုင်းတွင် သုတေသနနှင့် စီးပွားဖြစ် ရည်ရွယ်ချက်နှစ်မျိုးလုံးအတွက် ရည်မှန်းချက်များ  ထားလာကြပြီ ဆိုသည်ကို တွေ့နိုင်သည်။ ယခင်ကလို သုတေသန သက်သက်မဟုတ်ကြတော့။    ယင်းမှာ  ဖျူရှင်နည်းပညာ၏ စိတ်ဝင်စားဖို့အကောင်းဆုံး တိုးတက်မှုဟုဆိုနိုင်သည်။ ယခုအတိုင်း ဆက်သွားလျှင် ၂၀၄၀ ပြည့်လွန်နှစ်များအတွင်းမှာပင် ကမ္ဘာပေါ်၌ ဖျူရှင် နည်းပညာသုံး   စီးပွားဖြစ်လျှပ်စစ်ဓာတ်အားပေး စက်ရုံများပေါ်လာမည်မှာ  သေချာသလောက်ရှိသည်။ ထိုအချိန်ရောက်လျှင်တော့ နည်းပညာနှင့် စရိတ်ကာမိရဲ့လားဆိုသည်ကို  လက်တွေ့မြင်ရပါလိမ့်မည်။

No comments

Powered by Blogger.