ကရင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (၂၀၂၆) ဒုတိယနေ့ ဆက်လက်ကျင်းပ




ဘားအံ စက်တင်ဘာ ၂၇


ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (၂၀၂၆) ကို ပြည်နယ်၏ မြို့တော် ဘားအံမြို့တွင် စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက် နှစ်ရက်တာ ကျင်းပလျက်ရှိပြီး ယနေ့ဖိုရမ် ဒုတိယနေ့ကို နံနက် ၈ နာရီတွင် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ဆက်လက်ကျင်းပသည်။


ဖိုရမ်တွင် ပြည်ထောင်စုအတိုင်ပင်ခံ ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က အမှာစကား ပြောကြားပြီး အဖွဲ့(၃) ကိုယ်စားလှယ် ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစသိန်းကျော် က ကရင်ပြည်နယ်အတွင်း လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အားကစားမြှင့်တင်ခြင်း၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေး စာတမ်းကို လည်းကောင်း၊ အဖွဲ့(၄)ကိုယ်စားလှယ် ကွန်ပျူတာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်မာလာထွန်းက ကရင်ပြည်နယ် အတွင်း နည်းပညာသက်ရောက် မှုများ ဉာဏ်ရည်တုနည်းပညာ AI စနစ်ထူထောင်ရေး၊ ဆိုက်ဘာ (Cyber)၊ Online Security၊ လူမှုကွန်ရက် (Social Media) အဖွဲ့များ ထိရောက်သော သတင်း မှန်ပြန်ကြားရေးစာတမ်းကိုလည်းကောင်း ဖတ်ကြားကြသည်။


ထို့အတူ ဖိုရမ်ပထမနေ့တွင် ကရင်ပြည်နယ် လူငယ်စင်တာ၌ အစုအဖွဲ့လေးဖွဲ့ခွဲ၍ ဆွေးနွေးခဲ့ကြသည့် ကရင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ရေးနှင့် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း တည်ဆောက်ရေး၊ ကရင် ပြည်နယ်အတွင်း ပဋိပက္ခဒဏ် ခံရသူများအတွက် ပြန်လည်ထူထောင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေးနှင့် ဒေသဖွံ့ဖြိုးမှု တိုးတက်ရေး၊ ကရင်ပြည်နယ်အတွင်း လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အားကစား မြှင့်တင်ခြင်း၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် လူမျိုးပေါင်းစုံအတူ ယှဉ်တွဲနေထိုင်ရေး ခေါင်းစဉ်များကို အဖွဲ့လိုက် သုံးသပ်၍ ရှေ့လုပ်ငန်းစဉ် စီမံချက်များကို တက်ရောက်လာသူများနှင့်အတူ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။


အလားတူ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးအောင်မင်းက ဆွေးနွေးသုံးသပ်ချက်များ၊ ရှေ့လုပ်ငန်းစဉ် စီမံချက် များအပေါ် အကြံပြုပြောကြားပြီး မြန်မာလူငယ်များ ဖွံ့ဖြိုးတိုးတက် ရေးအသင်း(ဗဟို) MYDA ဥက္ကဋ္ဌက သုံးသပ်ချက်၊  ရှေ့လုပ်ငန်းစဉ် စီမံချက်များကို အကြံပြုဆွေးနွေးကာ အဖွဲ့လိုက် ဆွေးနွေးခဲ့ကြသည့် ခေါင်းစဉ် အကြောင်းအရာများအလိုက် သုံးသပ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ် စီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (၂၀၂၆) ဆုံးဖြတ်ချက်စာတမ်းကို ပါဝင် ဆွေးနွေးခဲ့ကြသူများက ဖတ်ကြားကြသည်။


ဆက်လက်၍ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဖိုရမ်သည် အခမ်းအနားတစ်ရပ်အဖြစ် ကျင်းပပြီးစီးသွားမည် မဟုတ်ဘဲ ပြည်နယ်၏ငြိမ်းချမ်းရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုအသိုက် အဝန်းများအကြား အပြန်အလှန် နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်မျိုးဆက်များအတွက် ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်နိုင်ရေးတို့အတွက် အတွေးအမြင်များ၊ အတွေ့အကြုံများ၊ အကြံပြုချက်များနှင့်  လက်တွေ့လုပ်ငန်းစဉ်များကို အတူတကွ ဆွေးနွေးဖော်ထုတ်ခဲ့ကြသည့် အရေးပါသော ပလက် ဖောင်းတစ်ရပ် ဖြစ်ကြောင်း ပြောကြားသည်။


ယမန်နေ့ကလည်း ကရင်ပြည်နယ်လူငယ်စင်တာ၌ အစုအဖွဲ့ လေးဖွဲ့ခွဲ၍ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ စာတမ်း လေးစောင်ကို ဆွေးနွေးခဲ့သည်။ ထိုသို့ ဆွေးနွေးမှုကို ပြည်ထောင်စု အတိုင်ပင်ခံ ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဦးဇော်အေးမောင်၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ၏ အကြံပေး အဖွဲ့ခေါင်းဆောင် ဦးအောင်မင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်သူ ဦးသက်နိုင်ဝင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကြည့်ရှုအားပေးပြီး သက်ဆိုင်ရာ စာတမ်းများအလိုက် ဆွေးနွေးအကြံပြုခဲ့ ကြကြောင်း သိရသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments

Powered by Blogger.