၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲတွင် အမျိုးသမီးတံခွန်စိုက်ဆုဖလားကို မွန်ပြည်နယ်အသင်းနှင့် အမျိုးသားတံခွန်စိုက်ဆုဖလားကို ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ဆွတ်ခူးရရှိ

 


နေပြည်တော်   စက်တင်ဘာ   

အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီး ဌာနနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့   ပူးပေါင်း၍   ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်  ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို   ယနေ့ မွန်းလွဲ ၂   နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ  အားကစားရုံ(A)  ကျင်းပသည်။   

ဗိုလ်လုပွဲပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ လူငယ်ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာမောင်သင်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထွန်းလူ၊ ဦးကျော်ထင်၊ ဒေါ်စန်းစန်းနွယ်၊ ဦးသိုက်စိုး၊ ဦးအေးကျော်၊ ဦးညီညီ(မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ) အားကစားရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်စွာစိုး၊ အားကစားရေးရာ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက် ကြည့်ရှုအားပေးကြသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း(အမျိုးသမီး) လေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ  ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရာ    မွန်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်၊ ပိုက်ကျော်ခြင်း(အမျိုးသား) လေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့် ယှဉ်ပြိုင်အနိုင် ရရှိသည်။

ပြိုင်ပွဲများအပြီးတွင်  ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အတိုးတက်ဆုံး အမျိုးသမီးအားကစားသမားဆုရရှိသည့် ဧရာဝတီ တိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်() ဖြိုးစန္ဒာအောင်အား မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်စွာစိုးက လည်းကောင်း၊ အတိုးတက်ဆုံးအမျိုးသားအားကစားသမားဆု ရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်() ဇင်မျိုးထက်အား အားကစားနှင့်   ကာယပညာဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်က  လည်းကောင်း၊  အကောင်းဆုံးအားကစားသမားဆုရရှိသည့် မွန်ပြည်နယ်အသင်းမှ ကျောနံပါတ်() နန်းခိုင်သဇင်ဦးအားအားကစားရေးရာဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန်က လည်းကောင်း ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ အမျိုးသမီးနှစ်ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မွန်ပြည်နယ်အသင်း၊ ဒုတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသည့် ရခိုင်ပြည်နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီကလည်းကောင်း၊ အမျိုးသားနှစ်ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မွန်ပြည်နယ်အသင်း၊ ဒုတိယဆုရရှိသည့် ပြည်ထောင်စု နယ်မြေ နေပြည်တော်အသင်းနှင့် တတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး   ဦးအေးကျော်က လည်းကောင်း၊ အမျိုးသမီး သုံးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင်  ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးကလည်းကောင်း၊ အမျိုးသားသုံးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသည့် ကရင်ပြည်နယ်အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို အမျိုးသမီးရေးရာဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါ်စန်းစန်းနွယ်က လည်းကောင်း၊ အမျိုးသမီး လေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် မွန်ပြည်နယ်အသင်း၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို အမျိုးသားစီမံကိန်း၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးကျော်ထင်ကလည်းကောင်း၊  အမျိုးသားလေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင်   ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူကလည်းကောင်း  ဆုများပေးအပ်ချီးမြှင့်ကြသည်။

 ထို့နောက် ရွှေတံဆိပ်နှစ်ခုဖြင့် အမျိုးသမီး တံခွန်စိုက်ဆုဖလားရရှိသည့် မွန်ပြည်နယ်အသင်းအား လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းကလည်းကောင်း၊ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုတို့ဖြင့် အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက လည်းကောင်း တံခွန်စိုက်ဆုဖလားများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။                             

သတင်းစဉ်

No comments

Powered by Blogger.