ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အခမ်းအနား ကျင်းပ



မန္တလေး စက်တင်ဘာ ၂၆

မန္တလေးပြည်သူ့ဆေးရုံကြီး နှလုံးရောဂါအထူးကုဌာနက ကြီးမှူး၍ ၂၀၂၆ခုနှစ် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးမြို့တော်ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် နှလုံးကျန်းမာရေးအသိပညာပေးဟောပြောဆွေးနွေးပွဲ အစီအစဉ်များအပြင် တက်ရောက်လာသူများအား BMI ညွှန်းကိန်းတိုင်းတာခြင်း၊ သွေးပေါင်ချိန်၊ သွေးတွင်းအဆီဓာတ် (Lipid Profile)၊ သွေးတွင်းသကြားဓာတ် (RBS) နှင့် လာမည့် ၁၀ နှစ်အတွင်း နှလုံးရောဂါဖြစ်နိုင်ခြေ၊ နှလုံးညှစ်အားနည်းရောဂါဖြစ် နိုင်ခြေ၊ လေဖြတ်နိုင်ခြေတွက်ချက်ပေးခြင်းတို့ကိုပါ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထို့ပြင် နှလုံးကျန်းမာ ဉာဏ်ပဒေသာမိသားစုနွှဲပျော်ပြိုင်ပွဲတော် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင်‌ ဖြေဆိုနိုင်သူများအတွက် ဂုဏ်ပြုဆုများ၊ တက်ရောက်လာကြသူများကို ကံစမ်းမဲဖောက်၍ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည့်အပြင် နှလုံးရောဂါအထူးကုဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာ ကျော်စိုးဝင်းက လူတိုင်းသိသင့်လုပ်တတ်သင့်သည့် နှလုံးခုန်ရပ်တန့်သွားသူအား လက်နှင့် ရင်ဘတ်ကိုဖိပြီး ပြုလုပ်သော ရှေးဦးသူနာပြု နှလုံးနှိုးဆွနည်းကို သင်ထောက်ကူပစ္စည်းဖြင့် သရုပ်ပြသခြင်းကိုလည်း ဆောင်ရွက်ခဲ့သည်။


အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မိုရ်စိုး၊ မန္တလေးပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦး၊ နှလုံးရောဂါအထူးကုဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာ ကျော်စိုးဝင်းနှင့် ဆရာဝန်ကြီးများ၊ ဖိတ်ကြားထားသူများနှင့် ပြည်သူများ တက်ရောက်ကြသည်။


ယနေ့ နံနက်ပိုင်းကလည်း တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းတွင် နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.