ရွှေတိဂုံစေတီတော်မြတ်ကြီး၌ တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့) အခမ်းအနားကျင်းပ
ရန်ကုန် စက်တင်ဘာ ၂၆
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့) အခမ်းအနားကို ယနေ့နံနက် ၅ နာရီခွဲမှစတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။
ဦးစွာ ဆွမ်းတော်ကြီးကပ်လှူပွဲအခမ်းအနားကို စေတီရင်ပြင်တော်တောင်ဘက် ဧည့်ခံတန်ဆောင်း၌ကျင်းပရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ဆွမ်းတော်ကြီးကပ်လှူပူဇော်ကြပြီး ဂရုဓမ္မအခါတော်နေ့ အခမ်းအနားကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ ဝန်ထမ်းများက ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်များရွတ်ဖတ် ပူဇော်ခြင်း၊ ဂရုဓမ္မငါးပါးသီလ အကျိုးအပြစ်လင်္ကာများ ရွတ်ဆိုပူဇော်ခြင်း၊ ဂရုဓမ္မအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာများကို အမေးအဖြေပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
နဝင်္ဂသီလဆောက်တည်
ထို့နောက် ဝါတွင်းသီလခံယူပွဲ၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲနှင့် ရေစက်ချအနုမောဒနာအခမ်းအနားကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပရာ ရွှေတိဂုံစေတီတော်ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယတိပိဋကသြဝါဒါစရိယ တိပိဋကဓရဓမ္မ ဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ပါဠိပါရဂူ ဘဒ္ဒန္တဝါယာ မိန္ဒာဘိဝံသထံမှ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ ဝန်ထမ်းများနှင့် ဘုရားဖူးပြည်သူများက နဝင်္ဂသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် သြဝါဒါစရိယဆရာတော်ကြီးနှင့် ပင့်သံဃာတော်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ ဝန်ထမ်းများနှင့် အလှူရှင်ဘုရားဖူးလာပြည်သူများက သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေကြသည်။
ထို့နောက် သြဝါဒါစရိယဆရာတော်ကြီးနှင့် ပင့်သံဃာများအား ရောင်တော်ဖွင့်တန်ဆောင်း၌ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ယနေ့ တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့) ၌ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments