ကျိုင်းတုံမြို့ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း အသစ်ဆောက်လုပ်မည့် ဗုဒ္ဓဥယျာဉ်ပြတိုက်အဆောက်အအုံ ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနားကျင်းပ



နေပြည်တော် စက်တင်ဘာ ၂၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း အသစ်ဆောက်လုပ်မည့် ဗုဒ္ဓဥယျာဉ်ပြတိုက် အဆောက်အအုံရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာတောရကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ သီရိပျံချီ၊ ဖခူးဝါးဘဒ္ဒန္တကောဝိဒ ဝစီပိတ်ဆရာတော် အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့်တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာသာမိထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ရတနာအုတ်မြစ်တော်များနှင့် လှူဖွယ်များကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော် မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။


အနုမောဒနာတရားနာယူ

ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိပါလထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြကာ တောင်းပန်လွှာစာတမ်းဖတ်ကြား လျှောက်ထားသည်။


ဆက်လက်၍ မင်္ဂလာအချိန်တွင် သံဃာတော်များ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ရတနာအုတ်မြစ်တော်များ ပင့်ဆောင်ကြသည်။ ထို့နောက် သံဃာတော်များ ဦးဆောင်၍ ရတနာအုတ်မြစ်တော်များကို စီသွင်းလှူဒါန်းပူဇော်ကြပြီး ပရိတ်နံ့သာရည်များ ပက်ဖျန်းကြသည်။


ရွှေမိုးငွေမိုးရွာသွန်းဖြိုး

ယင်းနောက် သံဃာတော်အရှင်သူမြတ်များက မင်္ဂလာအောင်ဂါထာတို့ကို ရွတ်ပွားချီးမြှင့်တော်မူကြပြီး ဗုဒ္ဓဥယျာဉ်ပြတိုက် အဆောက်အအုံရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနား အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.