ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် သီတင်းကျွတ်ပွဲတော်၌ မီးပုံးပျံအလုံးရေ ၃၀၀၀၀ လွှတ်တင်မည်

 



ပုဂံ စက်တင်ဘာ ၂၇


ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် ယခုလာမည့် သီတင်းကျွတ်ပွဲတော်၌ မီးပုံးပျံ အလုံးရေ ၃၀၀၀၀ လွှတ်တင်သွားမည်ဖြစ်ပြီး ထိုသို့ လွှတ်တင်နိုင်ရန် ကြိုတင်စမ်းသပ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


“ဒီနှစ်ပုဂံသီတင်းကျွတ်ပွဲတော်မှာ မီးပုံးပျံ ၃၀၀၀၀ လွှတ်တင်ဖို့ရှိပါတယ်။ အဖိတ်နေ့နဲ့ လပြည့်နေ့မှာ နှစ်ရက်ခွဲပြီး လွှတ်တင်မှာပါ။ မီးပုံးပျံပြုလုပ်ဖို့ မြင်းကပါရွာကို အပ်ထားပါ တယ်။ တောင်ကြီးက မီးပုံးပျံအဖွဲ့လည်း ရောက်နေပါတယ်။ အလုံးရေများတဲ့အတွက် မီးသတ်ဌာနအပါအဝင် သက်ဆိုင်ရာဌာနအားလုံးနဲ့ ဝိုင်းဝန်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်တွေနဲ့ ဌာနဆိုင်ရာ၊ ဒေသခံ တွေစုပေါင်းပြီး  လုပ်ဆောင်တာ ဖြစ်ပြီးတော့ မြန်မာ့အလှနဲ့ မြန်မာ့ယဉ်ကျေးမှု ကို တွေ့မြင်ရမယ့် အထူးစည်ကား တဲ့ ပွဲတော်တစ်ခုဖြစ်မှာပါ” ဟု Bagan Lover မှ ဦးပြည့်စုံက ပြောသည်။


ထိုသို့ မီးပုံးပျံ လွှတ်တင်ရာတွင် ပလတ်စတစ်နှင့် စက္ကူဖြင့် ပြုလုပ်ထားသည့် မီးပုံးပျံများကို အလိုတော်ပြည့်ဘုရား၊ ဓမ္မရံကြီး ဘုရားနှင့် Sunset ကုန်းတို့တွင် နေရာသုံးနေရာခွဲ၍ လွှတ်တင် သွားမည်ဖြစ်ပြီး ဒေသစုံမှ ဓာတ်ပုံ ဝါသနာရှင်များ၊ ပန်းချီဆရာများ၊ မြန်မာ့ရှုခင်းအလှ ရိုက်ကူးသူများနှင့် မီဒီယာအဖွဲ့များလည်း လာရောက်ကြမည်ဖြစ်ကြောင်း သိရသည်။


ထို့ပြင် ပုဂံဒေသ၏ သီတင်းကျွတ် ပွဲတော်ကို မီးပုံးပျံများတွင် ငွေပဒေသာပင် ချိတ်ဆွဲ၍ ပံ့သကူ ပစ်သော ကုသိုလ်ပြုသည့် အစီအစဉ်၊ ပွဲတော်၌ အညာဒေသထွက် အစားအစာများကို နွားလှည်းပေါ်တွင် ရောင်းချပေးသည့် အစားအစာ ပွဲတော်အစီအစဉ် အပါအဝင် အခြား အစီအစဉ်များဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီမံဆောင်ရွက်နေကြောင်း သိရသည်။


ပုဂံဒေသ၏ ခရီးသွားရာသီ အစဖြစ်သည့် သီတင်းကျွတ်ပွဲတော်တွင် ပထမဆုံးအကြိမ်အဖြစ် မီးပုံးပျံအလုံးရေများစွာ လွှတ်တင်၍ မြတ်ဗုဒ္ဓအား အလင်းရောင်ဖြင့် ပူဇော်ခြင်းကို ခရီးသွားများ ကုသိုလ်ယူနိုင်ရန်နှင့် ပြည်တွင်း/ပြည်ပခရီးသွားများ ပုဂံဒေသ၏ သီတင်းကျွတ်လပြည့် ညအလှကို အားပါးတရ ကြည့်ရှုခံစားနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။


သစ္စာ(MNA)

ဓာတ်ပုံ - BL

No comments

Powered by Blogger.