ထားဝယ်မြို့နယ်အတွင်း ယမန်နေ့ညနေပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထားဝယ်မြို့အတွင်းရှိ လမ်းအချို့ ရေကြီးရေလျှံမှုနှင့် လမ်းရေကျော်လျက်ရှိပြီး ရေကြီးရေလျှံမှု၊ မြေပြိုမှုဖြစ်ပွား

 


ထားဝယ် စက်တင်ဘာ ၂၇

 

ထားဝယ်မြို့နယ်အတွင်း ယမန်နေ့ညနေပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထားဝယ်မြို့အတွင်းရှိ လမ်းအချို့ ရေကြီးရေလျှံလျက်ရှိပြီး ရေကြီးရေလျှံမှု၊ မြေပြိုမှုကြုံတွေ့ နေရသည့် မြို့ရွာများသို့ ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများ၊ သောက်သုံးရေ၊ အစားအစာနှင့် ဆေးဝါးများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ထိရောက်စွာ ကူညီဆောင်ရွက်ပေးလျက်ရှိရာ သွားရောက်ရန် ခက်ခဲသော နေရာများသို့လည်း ပရဟိတလူမှုကူညီရေးအသင်းများ၊ ဒေသခံများမှတစ်ဆင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ပေါက်တိုင်းတံတား၊ မြို့တွင်းရှိဆေးရုံကြီးလမ်း၊ မြို့သစ်(၈)လမ်း၊ ထားဝယ်ကမ်းနားလမ်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှေ့တို့တွင် ရေကျော်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး အတွက် ရေကာနံရံများကို စနစ်တကျဖြင့် အမြန်ဆုံး အကောင်ထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယခုရက်သည် လပြည့်ရက်ဖြစ်သောကြောင့် ဒီရေအတက်အကျကိုလည်း အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရေစီးနှင့်အတူပါလာသော အမှိုက်များကိုလည်း စနစ်တကျ သိမ်းဆည်းသွားရန်လိုအပ်ကြောင်းနှင့် ထားဝယ်မြို့နည်းတူ အခြားမြို့နယ်များ တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်များအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို ချက်ချင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.