တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ သွားရောက်လေ့လာ

 


‌နေပြည်တော် စက်တင်ဘာ ၂၈

 

နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသားလူငယ်များအား မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာစေရန်၊ ခေတ်အဆက်ဆက် တပ်မတော်သမိုင်းမှတ်တမ်းများနှင့် အစဉ်အလာများကို သိရှိနားလည်နိုင်စေရန်၊ သင်ရိုးညွှန်းတမ်းပါသင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲ လေ့လာနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျောင်းသား ကျောင်းသူများအား တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ရေအေး)မှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာကြသည်။

 

ဦးစွာ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်း မှတ်တမ်းရုပ်ရှင်ကို စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။ ထို့နောက် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအား ပြတိုက်တာဝန်ရှိသူက ပြတိုက်၏သမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် ပြတိုက်အတွင်းရှိ တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ပြခန်းများကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကိုမေးမြန်းကြရာ ပြခန်းများအလိုက် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးကြသည်။

 

ဆက်လက်၍ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် ပြင်ပပြကွက်များတွင် ခင်းကျင်းပြသထားသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များ၏ စစ်လက်နက် ပစ္စည်းများ၊ စစ်ရေယာဉ်များနှင့် တပ်မတော် လေယာဉ်များကို လေ့လာခဲ့ကြပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကြသည်။ ယင်းနောက် ကျောင်းသား ကျောင်းသူများအတွက် ယနေ့လေ့လာမှတ်သားခဲ့သည့် ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပကာ ပြတိုက်တာဝန်ရှိသူများ၏ မေးမြန်းချက်များကို မှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသား ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ပေးအပ်ချီးမြှင့်ကြသည်။

No comments

Powered by Blogger.