မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ




နေပြည်တော် စက်တင်ဘာ ၂၉

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် “အနာဂတ်ကို ပုံဖော်ဖို့ ဒီကနေ့ပဲစကြပါစို့” ခေါင်းစဉ်ဖြင့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။


ဟောပြောပွဲတွင် စာရေးဆရာအောင်သူ (အား/ကာ)က မိဘမေတ္တာကိုဖော်ကျူးထားသည့် “စကားပြောသော အသဲနှလုံး” အပါအဝင် “လဲလျှင် ပြန်ထ၊ ဘဝ”၊ “တန်ဖိုးထားရာ ကိုယ်ကျင့်သိက္ခာ”၊ “မျှော်လင့်ခြင်း ဖယောင်းတိုင်” စသည့် ဗဟုသုတ ပွားများစေသည့် ပုံပြင်များ၊ အတွေ့အကြုံများ၊ စိတ်ဝင်စားဖွယ်ရာများ၊ ဗဟုသုတများ ပေါင်းစည်း ထားသည့် “အနာဂတ်ကို ပုံဖော်ဖို့ ဒီကနေ့ပဲ စကြပါစို့” ခေါင်းစဉ်ဖြင့် လူငယ်များ အားအင်တိုး၍ အသိပညာများတိုးပွားလာစေရန် ဟောပြောသည်။


ယင်းနောက် နေပြည်တော်လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကြည်စိုးလင်းက ဉာဏ်စမ်းပဟေဠိများကို ကျောင်းသားကျောင်းသူများအားမေးမြန်း၍ မှန်ကန်စွာဖြေဆိုနိုင်သည့် ကျောင်းသားကျောင်းသူများအား ဆုလက်ဆောင်များပေးအပ်ချီးမြှင့်သည်။


အဆိုပါဟောပြောပွဲတွင် လူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းတို့က အမှာစကားပြောကြားပြီး နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း စာကြည့်တိုက်အတွက် ဗဟုသုတစာအုပ်များကို ပေးအပ်လှူဒါန်းရာကျောင်းအုပ် ဆရာမကြီး ဒေါ်သက်သက်သင်းက လက်ခံရယူသည်။


ထို့နောက် လူငယ်ရေးရာအသိပညာများ ဟောပြောပေးသည့် စာရေးဆရာအောင်သူ (အား/ကာ)အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး ဇမ္ဗူသီရိမြို့နယ် အမှတ်(၅) အခြေခံပညာအထက် တန်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေ ကျပ် ၁၀ သိန်းကို ကျောင်းအုပ်ဆရာမကြီးအား ပေးအပ်လှူဒါန်းသည်။


အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးစစ်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသမီးအားကစားကော်မတီနာယကနှင့် အဖွဲ့များ၊ စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်များ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

 သတင်းစဉ်

No comments

Powered by Blogger.