တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ
နေပြည်တော် စက်တင်ဘာ ၂၉
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိလွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကျိုက်ထီးရိုး စေတီတော်သို့ နိုင်ငံခြားခရီးသည်များ လာရောက်ခွင့်ဖြေလျှော့ပေးရေး၊ စက်ရေတွင်းတူးခြင်း၊ ရေစုကန်ဆောက်ခြင်း၊ ရေစုပ်ပန့်တပ်ဆင်ခြင်းနှင့် ရေပိုက်လိုင်း သွယ်ခြင်းများ ဆောင်ရွက်ပေးရေး၊ မြေငှားဂရန်ထုတ်ပေးရေး၊ လမ်းအဆင့်မြှင့်တင်ပေးရေး၊ တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်ပေးရေးနှင့် တံတားအဆင့်မြှင့်တင်ပေးရေးတို့နှင့်စပ်လျဉ်း၍ မေးခွန်း ၁၀ ခု မေးမြန်းဖြေကြားခြင်းနှင့် အဆို တစ်ခုတင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဦးစွာ ကျိုက်ထိုမဲဆန္ဒနယ်မှ ဦးစိုးလှ၏ ကျိုက်ထီးရိုးစေတီတော်တည်ရှိရာဒေသသို့ နိုင်ငံခြားခရီးသည်များ လာရောက်ခွင့် ရှိသည့်အခြေအနေအား ဖြေလျှော့ပေးရန်သို့မဟုတ် ၎င်းတို့ အလွယ်တကူဝင်ရောက်နိုင်ရန် ဆောင်ရွက် ပေးမည့်အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ကျိုက်ထီးရိုးစေတီတော်သို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များ ယခုထက်ပို၍ အလွယ်တကူ လွတ်လပ်စွာဝင်ရောက်နိုင်ရန်အတွက် အွန်လိုင်းမှတစ်ဆင့် လျင်မြန်စွာ ခွင့်ပြုချက်ရယူနိုင်သည့်စနစ်အား အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်း၊ နိုင်ငံခြားသားခရီးသွားဧည့်သည်များ ဝင်ရောက်မှု၊ တည်းခိုမှုနှင့် သွားလာမှုများကို သက်ဆိုင်ရာဌာနများမှ စနစ်တကျမှတ်တမ်းထားရှိခြင်း၊ ခရီးသွား ပြည်သူများနှင့် နိုင်ငံခြားသားခရီးသွား ဧည့်သည်များ စိတ်အေးချမ်းသာစွာဖြင့် ဘုရားဖူးလာရောက် လည်ပတ်နိုင်ရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များမှ လုံခြုံရေးပူးပေါင်းဆောင်ရွက်ပေးခြင်း၊ ပွင့်လင်း ရာသီကာလ ဘုရားဖူးဧည့်သည်များ အများဆုံးလာရောက်သည့် အချိန်အခါများ၌ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ မွန်ပြည်နယ် အစိုးရတို့မှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ခရီးသွား လာခွင့်ဆိုင်ရာ လုပ်ငန်းစဉ်များကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသား ခရီးသွားဧည့်သည်များ၏ လုံခြုံရေးကို အလေးထားဆောင်ရွက်နိုင်ရန် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ကို ဖွဲ့စည်းထားရှိပြီး ခရီးလှည့်လည်ရေး ကုမ္ပဏီများ၏ အစီအစဉ်ဖြင့် ဝင်ရောက်သည့် ခရီးစဉ် (Package Tour)များအတွက် ခရီးစဉ်ကြိုတင်ခွင့်ပြုမိန့် ရရှိစေရေးအတွက် ၁၄ ရက် ကြိုတင်၍ တင်ပြရမည့်အစား ရုံးပိတ်ရက်မပါ ၁၀ ရက်ကြိုတင်၍ တင်ပြရန် ဖြေလျှော့ပေးခဲ့ပါကြောင်း၊ ခရီးသွားဧည့်သည်များ အဆင်ပြေစွာလည်ပတ်နိုင်ရေး အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့တို့၏ ခွင့်ပြုချက်၊ သဘောထားမှတ်ချက်နှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
မလှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်သူ၏ မလှိုင်မြို့နယ် မြို့ဦး ကွက်သစ်ရပ်ကွက်နှင့် နယ်မြေ (၁ဝ/ ၁၁/ ၁၄) တို့အတွက် စက်ရေတွင်းတူးခြင်း၊ ရေစုကန် ဆောက်ခြင်း၊ ရေစုပ်ပန့်တပ်ဆင် ခြင်းနှင့် ရေပိုက်လိုင်းသွယ်ခြင်း များအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော် ကောင်စီဝင် ဦးဝင်းမိုးခိုင်က မလှိုင်မြို့သည် ရပ်ကွက်ကြီးလေးခုနှင့် ထန်းတောရပ်ကွက် တိုးချဲ့ကွက်သစ်ဟူ၍ ခြောက်ရပ်ကွက်ရှိပြီး စည်ပင်သာယာမှ မြို့ရေပေးဝေနိုင်မှုမှာ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄) ရပ်ကွက် များသို့ပေးဝေလျက်ရှိပြီး ယခုတင်ပြသည့် မြို့ဦး ကွက်သစ်ရပ်ကွက်နှင့် နယ်မြေ(၁၀)၊ နယ်မြေ(၁၁)၊ နယ်မြေ(၁၄) တို့သည် အမြင့်ပိုင်းတွင် တည်ရှိသောကြောင့် လက်ရှိရေမပေးဝေနိုင်ခြင်း ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ မြို့ဦးကွက်သစ် ရပ်ကွက်နှင့် နယ်မြေ(၁ဝ)၊ နယ်မြေ(၁၁)၊ နယ်မြေ(၁၄) တို့အတွက် သန့်ရှင်းသော သောက်သုံးရေရရှိနိုင်ရန် ၆" စက်ရေတွင်း တူးဖော်ခြင်း၊ ရေစုကန် တည်ဆောက်ခြင်း၊ ရေစုပ်ပန့် တပ်ဆင်ခြင်းနှင့် ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းများအား ဆောင်ရွက်မည်ဆိုပါက ယခုလက်ရှိ ဒေသပေါက်ဈေးနှုန်းဖြင့် တွက်ချက်ပါက ခန့်မှန်းကုန်ကျငွေ ကျပ် ၂၉၈ ဒသမ ၆ သန်း ကုန်ကျ မည်ဖြစ်ပြီး ၂၀၂၈-၂ဝ၂၉ ဘဏ္ဍာရေး နှစ်တွင် တင်ပြတောင်းခံ၍ ဘဏ္ဍာငွေခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
လှိုင်သာယာ (အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးချမ်း၏ ရန်ကုန်မြို့အတွင်းရှိ ဘတ်စ်ကား မှတ်တိုင်များနှင့် ရှေ့နောက် ကြေညာဆိုင်းဘုတ် လုပ်ပိုင်ခွင့် စာချုပ်အား မည်သို့ပြန်လည် စိစစ်၍ ဥပဒေနှင့်အညီ မည်ကဲ့သို့ အရေးယူဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကောင်စီဝင် ဦးဝင်းမိုးခိုင်က ရန်ကုန် မြို့တော် စည်ပင် သာယာရေးကော်မတီအနေဖြင့် ဘတ်စ်ကားမှတ်တိုင်တည်ဆောက်ခြင်းကြော်ငြာတပ်ဆင်ခြင်း လုပ်ငန်းကို FML Decaux Co.,Ltd တစ်ခုတည်းကိုသာ လုပ်ကိုင်ခွင့်ပြုထားခြင်းမရှိပါကြောင်းနှင့် ဘတ်စ်ကား မှတ်တိုင်တည်ဆောက်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားသော ကုမ္ပဏီများကိုလည်းစာချုပ်ပါ သတ်မှတ်ချက်များ၊ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး FML Decaux Co.,Ltd အနေဖြင့်လည်း တစ်စုံတစ်ရာ ဖောက်ဖျက်ကျူးလွန်ခြင်းမရှိပါ၍ ၎င်းကုမ္ပဏီကို အရေးယူဆောင်ရွက်သွားရန် မရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
အင်းစိန်မဲဆန္ဒနယ်မှ ဦးငြိမ်းထွေး ၏ အင်းစိန်မြို့နယ်၌ အိမ်ရာကွက်ဖော်ပြီး အဆောက်အအုံများ ဆောက်လုပ် ရောင်းချခြင်းနှင့် ဂရန်မြေကွက်များရောင်းချခြင်းသည် မည်သည့်ဌာနမှ ခွင့်ပြုထားသည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ကောင်စီဝင် ဦးဝင်းမိုးခိုင်က အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်ရှိ 9-Avenue Villa အား I Green Construction Co., Ltd မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခွင့်ပြုချက်မရှိဘဲ ခြံစည်းရိုး ကာရံသဖြင့် ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ တရားစွဲဆိုအရေးယူ ထားပါကြောင်း၊ မြို့ပြမြေစီမံ ခန့်ခွဲမှုဌာနတွင်လည်း မြေကွက်ခွဲစိတ်လျက်ရှိပါကြောင်းနှင့် မြေပြင်တွင် အဆောက်အအုံများ ဆောက်လုပ်ခြင်းမရှိပါကြောင်း။
အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်ရှိ Palm Hill Villa အား I Green Construction Co.,Ltd မှ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခွင့်ပြု ချက်မရှိဘဲ ခြံစည်းရိုးကာရံသဖြင့် ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ တရားစွဲဆို အရေးယူထားပါ ကြောင်း၊ မြေကွက် ၂ ဒသမ ၉၂၈ ဧကတွင် အဆောက်အအုံရှစ်လုံး တင်ပြထားသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ရာမြေကွက်ခွဲစိတ်ပြီး မြေကွက် တစ်ကွက်ချင်းစီအလိုက် တင်ပြလာမှသာ ဆောင်ရွက်ပေး၍ရမည် ဖြစ်ကြောင်း၊ အမှုတွဲပိတ်သိမ်းခွင့် တွင် ထည့်သွင်းအကြောင်းကြား ထားပါကြောင်းနှင့်မြေပြင်တွင် အဆောက်အအုံများ ဆောက်လုပ်ထားခြင်း မရှိပါကြောင်း။
အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက်ရှိ OASIS Villa အား I Green Construction Co.,Ltd မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မုခ်ဦးနှင့်အကာအရံများသာ ဆောင်ရွက်ထားပါကြောင်းနှင့် မြေပြင်တွင် အဆောက်အအုံများ ဆောက်လုပ် ထားခြင်း မရှိပါကြောင်း။
အင်းစိန်မြို့နယ် မြို့သစ် (ဂ)ရပ်ကွက်ရှိ Royal Taw Win Villa မြေပြင်စစ်ဆေးချက်အရ Royal Ponnami Residences အား Max Co.,Ltd နှင့် ရွှေတောင်ကုမ္ပဏီလီမိတက်တို့မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ခြံစည်းရိုးကာရံခွင့် တင်ပြထားခြင်းနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း နှင့် မြေပြင်တွင် အဆောက်အအုံများ ဆောက်လုပ်ထားခြင်းမရှိပါကြောင်း။
အဆိုပါ အိမ်ရာစီမံကိန်းများအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြမြေစီမံခန့်ခွဲမှုဌာနနှင့် အင်ဂျင်နီယာ ဌာန(အဆောက်အအုံ)တို့မှ စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အဆောက်အအုံ ဆောက်လုပ် ခွင့်ပြုမိန့်အား ထုတ်ပေးထားခြင်း မရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ဟင်္သာတ မဲဆန္ဒနယ်မှ ဦးဌေးဝင်း၏ ဟင်္သာတမြို့ ရုံးကြီးရပ်ကွက် ကြက်ခြေနီအသင်းရုံးနှင့် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းရုံးတို့၏ ရုံးမြေနေရာအား စည်ပင်သာယာဦးစီးဌာနမှ စွန့်လွှတ်ပေး၍ မြေငှားဂရန် ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကောင်စီဝင် ဦးဝင်းမိုးခိုင်က မြို့နယ်ကြက်ခြေနီ အသင်းရုံးနှင့် မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံးတို့ ဆောက်လုပ်ထားသော မြေနေရာသည် ဟင်္သာတမြို့ ရုံးကြီးရပ်ကွက် ဦးရွှေဒွေးလမ်းနှင့် ဗိုလ်စောမောင် လမ်းကြားရှိ အကွက်အမှတ်(၃၂)၊ အကွက် အမည် ရုံးကြီးရပ်၊ ဦးပိုင်အမှတ်(၇)၊ ဧရိယာ ၁ ဒသမ ၀၇ ဧကရှိ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၏ စာရင်းအရ 1(A)မြူနီစီပယ်အမည်ပေါက် မြေပေါ် တွင်တည်ရှိပြီး မြို့နယ်ကြက်ခြေနီ အသင်းရုံးမှာ အကျယ်အဝန်း အလျား ပေ ၅ဝ၊ အနံ ၂၆ ပေ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းရုံးမှာ အကျယ်အဝန်း အလျား ၁၀၁ ပေ၊ အနံ ၄၄ ပေ ရှိပါကြောင်း။
ဟင်္သာတမြို့နယ် စည်ပင် သာယာရေးအဖွဲ့အနေဖြင့် အဆိုပါ မြေနေရာအား မြို့၏အဓိကကျ သော Down Town Area တွင်ရှိသဖြင့် မူဝါဒလမ်းညွှန်ချက်များနှင့်အညီ အများပြည်သူ ကိုယ်လက် လှုပ်ရှား အပန်းဖြေရန်နေရာအဖြစ် ဘဏ္ဍာရေးနှစ်အလိုက် စီမံချက် ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ မြူနီစီပယ် အမည်ပေါက်မြေနေရာပေါ်တွင် တည်ဆောက် ထားသော မြို့နယ် ကြက်ခြေနီအသင်းရုံးနှင့် မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းရုံး မြေနေရာများနှင့် ခြံဝန်းတို့အား လတ်တလော စွန့်လွှတ်မည့်အစီအစဉ် မရှိသေးပါကြောင်းနှင့် ဆက်လက်အသုံးပြု ရန် ခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးမိုးတင်၏ စေတုတ္တရာမြို့နယ် အတွင်းရှိ မျဉ်းကြောင်းတောင် အဆင်းမှ တပွင်ရွာအထိ လမ်း၌ ဗူးဝမှ ကျောက်ချောလမ်းအား ကွန်ကရစ်လမ်းအဖြစ် လည်း ကောင်း၊ ကျန်ဂဝံလမ်းအား ကျောက်ချောလမ်းအဖြစ် လည်း ကောင်း အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က စေတုတ္တရာမြို့နယ် အတွင်းရှိ ခရိုင်ချင်းဆက်လမ်းမှ ခွဲထွက်ပြီး ကျေးရွာချင်းဆက်လမ်း ဖြစ်သည့် မျဉ်းကြောင်းတောင် (ဥမ္မာကုန်း)အဆင်းမှ တပွင်ရွာ အထိလမ်းသည် မကွေးတိုင်းဒေသ ကြီး မင်းဘူးခရိုင် စေတုတ္တရာ မြို့နယ်ရှိ အလယ်ဟန်ဒေါက်-ဗူးလမ်းဖြစ်ပြီး မကွေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပါကြောင်း၊ လက်ရှိလမ်း၏အခြေအနေမှာ ကျောက်လမ်း ၆ မိုင် ၅ ဖာလုံနှင့် အမာခံလမ်း ၉ မိုင် ၄ ဖာလုံ ဖြစ်ပြီး စုစုပေါင်း ၁၆ မိုင် ၁ ဖာလုံ ဖြစ်ပါကြောင်း။
၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် မူလကျောက်လမ်းပိုင်းမှ ပျက်စီးမှု များသော လမ်းအရှည် ၁ မိုင် ၄ ဖာလုံအား ကျောက်လမ်းပြုပြင် ခင်းခြင်း လုပ်ငန်းဆောင်ရွက်ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ရန်ပုံငွေတွင် လျာထားသွားမည် ဖြစ်ပါကြောင်းနှင့် ကျန်ရှိသော အမာခံလမ်းများအား ကျောက်လမ်း ခင်းခြင်းလုပ်ငန်းအားလုံး ဆောင် ရွက်ပြီးပါက ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင်နိုင်ရန် အတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် နှစ်အလိုက် လျာထားသွားမည်ဖြစ် ပါကြောင်း ပြန်လည်ဖြေကြားသည်။
ဗိုလ်တထောင် မဲဆန္ဒနယ်မှ ဦးဉာဏ်ဝင်းထိုက်၏ Smart City ဖြစ်စေရန် တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်ပေးခြင်း၊ စက်မှု/ စိုက်ပျိုး/ မွေးမြူရေးလုပ်ငန်းအားအကျိုးတူလုပ်ကိုင်ရန် အငှားမြေ များချထားပေးခြင်းနှင့် ကားလမ်းမပေါ်တွင် ဈေးရောင်းချနေသူများကို စနစ်တကျရှင်းလင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အပါအဝင် မြို့ကြီး များတွင်ရှိသော နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားများနှင့် အိမ်ငှားရမ်းနေထိုင်လိုသူ ပြည်သူများအတွက် အိမ်ငှားခသက်သာသော ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများနှင့် တန်ဖိုးနည်း/တန်ဖိုးမျှတ အရောင်း အိမ်ရာများကို တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် လည်းကောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန၏ အစီအစဉ်ဖြင့် လည်းကောင်းတည်ဆောက်၍ ငှားရမ်းခြင်း၊ ရောင်းချခြင်းများ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း။
မြို့ကြီးများ၌ အလုပ်အကိုင် အခွင့်အလမ်းအတွက် စက်မှု/စိုက်ပျိုး/ မွေးမြူရေးဇုန်များ အကောင်အထည် ဖော်ပေးရန် ကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးထားသော စက်မှုဇုန် စုစုပေါင်းဧရိယာ ဧက ၁၂၀၀၀ ကျော်ရှိသည့်အပြင် ညောင်နှစ်ပင် စိုက်ပျိုး/ မွေးမြူရေး ဇုန် ဧရိယာ ၁၀၀၆၂ ဧက၊ တွံတေး၊ ကော့မှူး၊ တိုက်ကြီး မွေးမြူရေးဇုန် ဧရိယာ ၃၈၂၂ ဧကနှင့် သီလဝါ စိုက်ပျိုး/မွေးမြူရေးဇုန်၊ ရွှေမယင်း ငါးမွေးမြူရေးကန်တို့ကိုလည်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း။
ကျေးလက်နှင့် နယ်မြို့များတွင် နေစရာနှင့် အလုပ်အကိုင်အတွက် အငှားမြေယာများဆောင်ရွက်ပေးရန်နှင့် စပ်လျဉ်း၍ စိုက်ပျိုး/မွေးမြူရေး ဆောင်ရွက်ရန်အတွက် မြေယာလိုအပ်သူများ၊ လုပ်ကွက်ငယ် တောင်သူ လယ်သမားများသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆက်နွှယ်သော စီးပွားရေးလုပ်ငန်း များအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီသို့ လုပ်ထုံး လုပ်နည်းနှင့်အညီ မြေအသုံးပြုခွင့် တင်ပြတောင်းခံ ဆောင်ရွက်နိုင် ပါကြောင်း။
မြို့ကြီးများ၏ ကားလမ်းမပေါ်တွင် ကြုံသလိုဈေးရောင်းချနေသူများ၏ စားဝတ်နေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ စည်ပင်သာယာ ရေးအဖွဲ့များကသတ်မှတ်နေရာများတွင် ဈေးရုံများ၊ အခွန်လွတ် ဈေးများ၊ ရပ်ကွက်ဈေးများ တည်ဆောက်၍ ယင်းနေရာများတွင် ရောင်းချနိုင်ရေး စီမံဆောင် ရွက်ပေးခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိစေမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း စည်းကမ်းမဲ့ ကျူးကျော် ရောင်းချခြင်းများကို စည်ပင်သာယာရေး ဥပဒေများနှင့်အညီပညာပေးခြင်း၊ ရှင်းလင်း ဖယ်ရှားခြင်းဖြင့် စနစ်ကျ၍ သန့်ရှင်းသပ်ရပ်သည့် မြို့များဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားသည်။
အိမ်မဲ မဲဆန္ဒနယ်မှ ဦးတင်ဦး၏ ညောင်ကုန်းချောင်းဖျား၊ သရက် ကုန်းကျေးရွာ အုပ်စုချင်းဆက်လမ်းအား ဘဏ္ဍာရေးနှစ်အလိုက် နှစ်စဉ် ထည့်သွင်းလျာထား၍ ပျက်စီးနေသောလမ်းကို ဆက်လက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ညောင်ကုန်း-ချောင်းဖျား-သရက် ကုန်းလမ်းသည် အိမ်မဲ - ဒါးက လမ်းပေါ်ရှိ ချောင်းဖျားကျေးရွာမှ စတင်၍ သရက်ကုန်းကျေးရွာသို့ ဆက်သွယ်ထားသော စုစုပေါင်း အရှည် ၁၂ မိုင် ၅ ဖာလုံရှိသည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပါ ကြောင်း၊ အဆိုပါလမ်း၏ လက်ရှိ လမ်းအခြေအနေမှာ ကွန်ကရစ် လမ်း ၃ မိုင် ၅ ဖာလုံနှင့်ကျောက်ခင်း လမ်း ၉ မိုင်ဖြစ်ပြီး စုစုပေါင်း လမ်းအရှည် ၁၂ မိုင် ၅ ဖာလုံ ဖြစ်ပါ ကြောင်း၊ အဆိုပါလမ်းအား ပထမ အဆင့်အနေဖြင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် ပျက်စီးမှုများပြားသော ကျောက်ခင်းလမ်းအရှည် ၄ ဖာလုံ ကို ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရန် လျာထားပြီး ဒုတိယအဆင့်အနေဖြင့် ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်မှစတင်၍ ကျောက်ခင်းလမ်း အသစ်ဆောင်ရွက်ခြင်း လုပ်ငန်းများကို နှစ်အလိုက်ရန်ပုံငွေတွင်လျာထား သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားသည်။
တီးတိန်မဲဆန္ဒနယ်မှ ဦးဆလိုင်း အောင်ပြည့်၏ တီးတိန်မြို့နယ် မဏိပူရ်မြစ်ကူး ဒါတ်တားတံတား အား အဆင့်မြှင့်တင်တည်ဆောက် ပေးနိုင်ရန်အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ချင်းပြည်နယ် တီးတိန်ခရိုင် တီးတိန်မြို့နယ်ရှိ မဏိပူရ်မြစ်ကူး ဒါတ်တားတံတားသည် ချင်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသော ပတ်ဇန်-ဟေလေး လမ်းပေါ်တွင် တည်ရှိသည့် အရှည်ပေ ၃၅၀ ရှိသော တံတား ဖြစ်ပါကြောင်း၊ အဆိုပါတံတား သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ အိန္ဒိယ-မြန်မာ ချစ်ကြည် ရေးစီမံကိန်းရန်ပုံငွေဖြင့် သံပေါင် ကြိုးတံတား အလျား ပေ ၃၅၀ နှင့် အကျယ် ၁၄ ပေ တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်တွင် ၎င်းဦးစီးဌာနမှ ပြည်နယ်ရန်ပုံငွေဖြင့် ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင် ရွက်ခဲ့သော တံတားဖြစ် ပါကြောင်း။
လတ်တလောအခြေအနေအရ ၎င်းတံတားအား ခံနိုင်ဝန် တန် ၆၀ အထိ အဆင့်မြှင့်တင်တည်ဆောက်ရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် နောင်ယာဉ်သွားလာမှုလိုအပ် ချက်ရှိသည့်ကာလမှသာ အဆိုပါ တံတားအား ခံနိုင်ဝန် တန် ၆၀ အထိ အဆင့်မြှင့်တင် တည်ဆောက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားသည်။
အင်္ဂပူမဲဆန္ဒနယ်မှ ဒေါက်တာ ဌေးဝင်း၏ ထူးကြီး- ရွှေကျင်လမ်းမှ အင်္ဂပူမြို့နယ်အပိုင် ထူးကြီး-ကညွတ်ကုန်းလမ်းမှာ ပျက်စီးနေပါသဖြင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြုပြင်ပေးမည်ကို သိရှိ လိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ထူးကြီး-ရွှေကျင်လမ်းမှ အင်္ဂပူ မြို့နယ်အပိုင် ထူးကြီး- ကညွတ် ကုန်းလမ်းအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ တိုင်းဒေသကြီး ပြင်ဆင်ထိန်းသိမ်း ခြင်းရန်ပုံငွေဖြင့် ပျက်စီးနေသော လမ်းအရှည် ၃ ဖာလုံအား ချောင်းကျောက်ဖြင့် ပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ အဆိုပါလမ်း အား ပထမအဆင့်အနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ငွေလုံးငွေရင်း (ဖြည့်စွက်) ရန်ပုံငွေတွင် ပျက်စီးမှုများပြား သော လမ်းအရှည် ၅ ဖာလုံကို ကျောက်ခင်းလမ်းအသစ်အဖြစ် ဆောင်ရွက်နိုင်ရန်လျာထားပြီး ဒုတိယအဆင့်အနေဖြင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှ စတင်၍ ကျန်ရှိသော လမ်းပိုင်းများကို ကျောက်ခင်းလမ်းအသစ်အဖြစ် ဆောင်ရွက်နိုင်ရန် နှစ်အလိုက်ရန်ပုံ ငွေတွင် လျာထားသွားမည် ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားသည်။
ထို့နောက် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဲဆန္ဒနယ်မှ ဒေါက်တာရွှေပြည်စိုး က မြန်မာမှုရိုးရာ စားစရာ “ထမနဲ”ကိုလည်းကောင်း၊ မြန်မာမှုလက်ရာရက်ကန်းပညာ “လွန်းရာကျော်ကြိုးကြီးအချိတ်လုပ်ငန်း” ကိုလည်းကောင်း ကမ္ဘာ့အမွေ အနှစ်စာရင်းဝင် ဖြစ်စေရန် ယူနက်စကိုသို့ပေးပို့ လုပ်ဆောင် သင့်ကြောင်း အဆိုကိုတင်သွင်းရာ မြောက်ဥက္ကလာပ မဲဆန္ဒနယ်မှ ဦးနေလင်းအောင်က ထောက်ခံ ဆွေးနွေးသည်။
ယင်းအဆိုနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လက်ခံဆွေးနွေးရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော် က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စား လှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးသတ္တမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး အဋ္ဌမနေ့ကို စက်တင်ဘာ ၃၀ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းအဖွဲ့

No comments