တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ



လွှတ်တော်ကိုယ်စားလှယ်များအားလုံး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်ရာလွှတ်တော်ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ သေသေချာချာလေ့လာသိရှိထားရန်လို


နေပြည်တော် စက်တင်ဘာ ၂၉

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၆၀ ရှိသည့်အနက် ယနေ့အစည်း အဝေးသို့ ၅၄၂ ဦး တက်ရောက်သဖြင့် ၉၆ ဒသမ ၇၉ ရာခိုင်နှုန်းရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက် ရယူ၍ မှတ်တမ်းတင်သည်။


ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန်အစည်းအဝေးသို့ ကျန်းမာရွှင်လန်းစွာ စုံစုံညီညီတက်ရောက်လာသည့်အတွက် ဝမ်းမြောက်ပါကြောင်း။


ယခု တတိယပုံမှန်အစည်းအဝေးကာလတွင် ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းလာမည့် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းဆိုင်ရာ ရငွေသုံးငွေများ၊ ဖြည့်စွက်ခွင့်ပြုငွေများကို ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျစိစစ်ပြီး ဥပဒေအဖြစ် ပြဋ္ဌာန်းထုတ်ပြန်နိုင်ရေး ဆွေးနွေးဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးနိုင်ရန်အတွက် ဒုတိယပုံမှန် အစည်းအဝေးကာလတွင် ရငွေသုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့ ၁၈ ဖွဲ့ကို စိစစ်ရမည့်ဗဟို အဖွဲ့အစည်းနှင့် ဝန်ကြီးဌာနများအလိုက် ကြိုတင်ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ စိစစ်ရေးပူးပေါင်းအဖွဲ့များအနေဖြင့် ဘဏ္ဍာငွေအရအသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းသတ်မှတ်ရက်များအတိုင်း အချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။


ပြည်ထောင်စုလွှတ်တော်၏ ဥပဒေပြုရေးလုပ်ငန်းများကို ဆောင်ရွက်ကြရမည့် လွှတ်တော် ကိုယ်စားလှယ်များ၏ တာဝန်သည် အလွန်ကြီးမားပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များ အားလုံးသည် မိမိတို့ကိုယ်တိုင်က ဥပဒေပညာရှင်များ၊ ဥပဒေလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း ပြုသူများမဟုတ်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်ရာလွှတ်တော်ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို သေသေချာချာ လေ့လာသိရှိထားရန်လိုပါကြောင်း။


လွှတ်တော်အစည်းအဝေးများ ရပ်နားထားစဉ်ကာလတွင် အချို့သော တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံပြည်သူများ ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရကာ အဆိုပါဒေသများသို့ နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အလှူရှင်များအချင်းချင်း ပူးပေါင်းပါဝင်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့်အတွက် အသိအမှတ်ပြုကျေးဇူးတင်ပါကြောင်း။


ပြည်သူအားလုံးကို ကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ယခင်ပုံမှန်အစည်း အဝေးကာလများ ထက် ယခုပုံမှန်အစည်းအဝေးတွင် ပိုမိုများပြားသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လုပ်ငန်းတာဝန်များကို အချိန်မီနှင့် အောင်မြင်စွာပြီးမြောက်နိုင်ရန်အတွက် မိမိတို့ တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို စိတ်ကောင်းစေတနာမှန်ဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု အကျိုးအတွက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။


ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနအား ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလဲပြင်ဆင် သတ်မှတ်ခြင်းနှင့် ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၅/၂၀၂၆ ထုတ်ပြန်ခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ၂၀၂၆ ခုနှစ် ဩဂုတ် ၂၄ ရက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၅/၂၀၂၆ ဖြင့် ဟိုတယ်၊ ခရီးသွားလာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကို ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလဲသတ်မှတ်ခဲ့ပါကြောင်း။


ယဉ်ကျေးမှုသည် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအတွက် အရေးပါသည့် အသက်သွေးကြောဖြစ်ပါကြောင်း၊ အမွေအနှစ်များ၏ဆွဲဆောင်မှု၊ ထူးခြားမှု၊ ဝင်ငွေနှင့်ရေရှည်တည်တံ့မှုကို ဖန်တီးပေးပါကြောင်း၊ ယဉ်ကျေးမှုကို တန်ဖိုးထားထိန်းသိမ်းပြီး ဟိုတယ်လုပ်ငန်းနှင့် ဟန်ချက်ညီစွာ ပေါင်းစပ်နိုင်မှသာ ရေရှည်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုသည် နိုင်ငံအတွက် အရေးကြီးပြီး အမျိုးသားရေးစရိုက်လက္ခဏာကို ဖော်ဆောင်ပေးခြင်းနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေသည့် အခြေခံအရင်းအမြစ် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ဌာနနှင့် ဝန်ထမ်းဖွဲ့စည်းပုံအရ ယဉ်ကျေးမှုက ဟိုတယ်နှင့်ခရီးသွားထက် ပိုမိုဖွဲ့စည်းပုံကြီးမားပါကြောင်း၊ လတ်တလောဝန်ကြီးဌာနအမည် ပြောင်းလဲသတ်မှတ်လိုခြင်းသည်လည်း မကြာမီကျင်းပတော့မည့် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအတွက် ယဉ်ကျေးမှုကိုရှေ့တန်းတင် ဂုဏ်ပြု၍ အချိန်မီဆောင်ရွက်လိုသည့်အတွက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ရပ်နားထားချိန်တွင် နိုင်ငံတော်အတွက် အုပ်ချုပ်ရေးကဏ္ဍဆိုင်ရာ လိုအပ်ချက်အရ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်ထုတ်ပြန်၍ ဝန်ကြီးဌာနအမည် ပြောင်းလဲသတ်မှတ်ခဲ့မှုအပေါ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် အဆိုတင်သွင်းရခြင်းဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။


ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စုဝန်ကြီး အစားထိုးခန့်အပ်ခြင်းနှင့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၆/၂၀၂၆ ထုတ်ပြန်ခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ ၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၃) နှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကို စစ်ဘက်မူလတာဝန်များကို ပြန်လည်ထမ်းဆောင်စေပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်ကြီး ကိုကိုဦးကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့ပါကြောင်း။


ပြည်ထဲရေးဝန်ကြီးဌာနသည် နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကို အဓိက တာဝန်ယူ ဆောင်ရွက်ရသည့် ဝန်ကြီးဌာနဖြစ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအင်အားစုများစွာကို စုစည်းထားပြီး အဓိကအားဖြင့် လူမှုလုံခြုံရေး၊ ရာဇဝတ်မှုကာကွယ်တားဆီးခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း၊ လမ်းစည်းကမ်းစီမံခန့်ခွဲမှုတို့ကို တာဝန်ယူသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စီးပွားရေးရာ ရာဇဝတ်မှုများ၊ အဂတိလိုက်စားမှုနှင့် ငွေကြေးခဝါချမှုများကို စုံစမ်းစစ်ဆေးသည့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ အကျဉ်းထောင်စီမံခန့်ခွဲမှုတာဝန်ယူသည့် အကျဉ်းဦးစီးဌာန၊ မီးဘေးကာကွယ်ရေး၊ တားဆီးရေးနှင့် ကယ်ဆယ်ရေးတို့ကို တာဝန်ယူသည့် မီးသတ်ဦးစီးဌာန၊ အဓိကအားဖြင့် ရပ်ကျေးအဆင့်မှ ပြည်ထောင်စုအဆင့်ထိ အထွေထွေအုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ရသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် အများပြည်သူအေးချမ်းသာယာရေးအတွက် လုပ်ငန်းလည်ပတ်ဆောင်ရွက်နေသည့် ဝန်ကြီးဌာနတစ်ခုဖြစ်ပါကြောင်း၊ ထိုသို့သောအကြောင်းအချက်များအရ ပြည်ထဲရေးဝန်ကြီးဌာန၏ နိုင်ငံတော် လုံခြုံရေးနှင့် အများပြည်သူအေးချမ်းသာယာရေးဆိုင်ရာလုပ်ငန်းကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် လတ်တလောလိုအပ်ချက်အရ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးရပ်နားထားချိန်တွင် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ထုတ်ပြန်၍ ခန့်အပ်တာဝန်ပေးမှုအပေါ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေး နိုင်ပါရန် အဆိုတင်သွင်းရခြင်းဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။


ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းထားသည့် ပုဂ္ဂိုလ်နှင့် စပ်လျဉ်းပြီး ကန့်ကွက်မှုတစ်စုံတစ်ရာမရှိပါက ခန့်အပ်ရန် သဘောတူကြောင်းကြေညာခြင်း သို့မဟုတ် ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခြင်းအစီအစဉ်ကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ဒုတိယနေ့တွင် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ် အနေဖြင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၃ အရ ကန့်ကွက်ကြောင်းအဆိုကို ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် နာယကထံ တင်သွင်းရမည်ဖြစ်ပြီး ယင်းအဆိုနှင့်အတူ ကန့်ကွက်လိုသည့် ပုဂ္ဂိုလ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ သတ်မှတ်ထားသည့် အရည်အချင်းနှင့် မပြည့်စုံကြောင်း ခိုင်လုံသည့် သက်သေအထောက်အထားများကို ပူးတွဲတင်ပြရမည်ဖြစ်ပါကြောင်း။


နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုကြောင်း တင်ပြထားသည့်ပုဂ္ဂိုလ်အား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (ဂ) တွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် မပြည့်စုံကြောင်း သက်သေအထင်အရှားပြ၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက် ကြာသပတေးနေ့ ညနေ ၄ နာရီ နောက်ဆုံးထားပြီး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးပို့နိုင်ကြောင်း ကြေညာသည်။


ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က နိုင်ငံတော်သမ္မတက အဆိုပြုတင်ပြထားသော ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဒေါက်တာမျိုးဝင်းအောင်နှင့် ဦးစောမျိုးမျိုးတို့၏ အမည်စာရင်းကို လွှတ်တော်သို့တင်ပြပြီး အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အဆိုပြုတင်ပြလာသည့် ပုဂ္ဂိုလ် များနှင့်ပတ်သက်ပြီး ကန့်ကွက်ချက်တစ်စုံတစ်ရာမရှိပါက ခန့်အပ်ရန်သဘောတူကြောင်း ကြေညာ ခြင်း သို့မဟုတ် ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ကန့်ကွက်ကြောင်း အဆို တင်သွင်းခြင်းအစီအစဉ်ကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေးဒုတိယနေ့တွင် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ် အနေဖြင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၃ အရ ကန့်ကွက်ကြောင်း အဆိုကို ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် နာယကထံ တင်သွင်းရမည်ဖြစ်ပြီး ယင်းအဆိုနှင့်အတူ ကန့်ကွက်လိုသည့် ပုဂ္ဂိုလ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ သတ်မှတ်ထားသည့် အရည်အချင်းနှင့် မပြည့်စုံကြောင်း ခိုင်လုံသည့် သက်သေအထောက် အထားများကိုပါ ပူးတွဲတင်ပြရမည်ဖြစ်ပါကြောင်း။


နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ခန့်အပ်လိုကြောင်း အဆိုပြုတင်ပြထားသည့် ပုဂ္ဂိုလ်များအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၁ ပါ သတ်မှတ်ထားသည့် အရည်အချင်း များနှင့် မပြည့်စုံကြောင်း သက်သေထင်ရှားပြကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁ ရက် ကြာသပတေးနေ့ ညနေ ၄ နာရီ နောက်ဆုံးထားပြီး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးပို့နိုင်ကြောင်း ကြေညာသည်။


ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဒီဇယ်ဆီ HSD (500 ppm) နှင့် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas) အပေါ် အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်တို့ကို ထပ်မံတိုးမြှင့်ခွင့်ပြုနိုင်ရေးကိစ္စတို့နှင့်စပ်လျဉ်း၍ ဘဏ္ဍာ ရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုစားဝတ်နေရေး၊ လူမှုစီးပွားဘဝအဆင်ပြေစေရေး တို့အတွက် အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးစသည့် ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများအတွက် ရန်ပုံငွေများကို လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်ပြီး ချိန်ဆ၍ ခွဲဝေသုံးစွဲလျက်ရှိပြီး အခွန်ဘဏ္ဍာငွေတိုးတက်ကောက်ခံ ရရှိရေးကိုလည်း အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။


ဒီဇယ်ဆီကို ပြည်ပမှတင်သွင်းခြင်းနှင့် ပြည်တွင်း၌ ပြန်လည်ရောင်းချခြင်းတို့အပေါ် ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းတို့ ကျသင့်မည်ဖြစ်ပါကြောင်း၊ သဘာဝဓာတ်ငွေ့ရည်ကို ပြည်ပမှတင်သွင်းခြင်းနှင့် ပြည်တွင်း၌ ပြန်လည်ရောင်းချခြင်းအပေါ် ကုန်သွယ်လုပ်ငန်း ခွန် ၅ ရာခိုင်နှုန်းကျသင့်မည်ဖြစ်ပါကြောင်း။


နိုင်ငံတော်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့် ကမ္ဘာ့လောင်စာဆီ ဈေးနှုန်းအခြေအနေ၊ ပြည်တွင်းဒီဇယ်ဆီဈေးနှုန်းနှင့် အခြေခံစားသောက်ကုန်၊ ကုန်စည်ဈေးနှုန်း၊ ဓာတ်အားခ ဈေးနှုန်းအခြေအနေနှင့် အခြားဒေသတွင်းနိုင်ငံများ၏ တုံ့ပြန်ဆောင်ရွက်မှုအခြေအနေများအပေါ် လစဉ်သုံးသပ်လျက်ရှိရာ ဒီဇယ်ဆီအပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်၊ သဘာဝဓာတ်ငွေ့ရည် အပေါ် ကုန်သွယ်လုပ်ငန်းခွန်တို့ကို စက်တင်ဘာလအတွက် (၁) လ ထပ်မံတိုးမြှင့် ကင်းလွတ်ခွင့်ပြုရန် လိုအပ်လျက်ရှိပါကြောင်း။


၂၀၂၆ ခုနှစ် ဩဂုတ်လအတွက် အခွန်ကင်းလွတ်ခွင့်ပြုရာ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပြီးမှ နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် အများပြည်သူထံသို့ အသိပေးကြေညာချက်ထုတ်ပြန်ခြင်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့က အမိန့်ကြော်ငြာစာ ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။


ယခုစက်တင်ဘာလအတွက် ဒီဇယ်ဆီ HSD (500 ppm) နှင့် သဘာဝဓာတ်ငွေ့ရည်တို့အပေါ် ကောက်ခံသည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ (၁) လ ထပ်မံတိုးမြှင့်၍ ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ထုတ်ဝေသည့် နိုင်ငံပိုင်သတင်းစာများတွင် အများပြည်သူသို့ အသိပေး ကြေညာချက်ထုတ်ပြန်ကြေညာခဲ့ပါကြောင်း။


ထိုသို့ ဆောင်ရွက်ရခြင်းမှာ အဆိုပါကာလသည် လွှတ်တော်အစည်းအဝေးရပ်နားထားသည့် ကာလဖြစ်ပြီး အခွန်ကင်းလွတ်ခွင့်ပြုသည့် ကိစ္စသည်လည်း အခွန်ထမ်းပြည်သူများနှင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက အချိန်နှင့်တစ်ပြေးညီ သိရှိလိုက်ပါ ဆောင်ရွက်နိုင်ရန် လိုအပ်လျက်ရှိသည့်အတွက် ဆောင်ရွက်ရခြင်းဖြစ်ပါ ကြောင်း။


သို့ပါ၍ ဒီဇယ်ဆီ (HSD 500 ppm) အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်နှင့် သဘာဝဓာတ်ငွေ့ရည် (LNG) အပေါ် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်တို့ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ (၁) လ ထပ်မံခွင့်ပြုပေးနိုင်ရေးအတွက် ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၃၇ နှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူပေးနိုင်ပါရန် ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။


ထို့နောက် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရအစား ဗိုလ်မှူးကြီး စိုးရန်နောင်အား ခန့်အပ်တာဝန်ပေးခြင်းကို လွှတ်တော်သို့တင်ပြ၍ မှတ်တမ်းတင်သည်။


ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်အစည်းအဝေးများ ရပ်နားထားစဉ် ကာလအတွင်း ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက Jeng Phang နော်တောင် (ခ)ဦးနော်တောင် ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်၏ ဖိတ်ကြားချက်အရ ဒုတိယအကြိမ်မြောက် လွှတ်တော်ဥက္ကဋ္ဌများညီလာခံသို့ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၆ ရက်မှ ၂၈ ရက်အထိ သွားရောက်ခဲ့သည့် ခရီးစဉ်၊ နိုင်ငံတကာ ပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ပွင့်ဆန်းခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပပြုလုပ်သည့် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းသို့ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၈ ရက်အထိ သွားရောက်ခဲ့သည့် ခရီးစဉ်နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီအတွင်းရေးမှူး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သီဟခေါင်းဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပပြုလုပ်သည့် အာဆီယံလွှတ်တော်များဆိုင်ရာ တတိယအကြိမ်ဆွေးနွေးပွဲသို့ ၂၀၂၆ ခုနှစ် ဩဂုတ် ၁၉ ရက်မှ ၂၇ ရက်အထိ သွားရောက်ခဲ့သည့် ခရီးစဉ်တို့ကို လွှတ်တော်သို့တင်ပြ၍ မှတ်တမ်းတင်သည်။


ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီတွင် အဖွဲ့ဝင်ဗိုလ်မှူးချုပ် မြင့်သောင်းအစား ဗိုလ်မှူးချုပ် ဇော်ဇော်ထွန်းအား လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီတွင် အဖွဲ့ဝင် ဗိုလ်မှူးချုပ် ဝင်းကိုကိုအစား ဗိုလ်မှူးချုပ် ခင်မောင်စိုးအားလည်းကောင်း၊ အာဆီယံ ပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီတွင် အဖွဲ့ဝင် ဗိုလ်မှူး တင့်လွင်အေးအစား ဗိုလ်မှူး ဇင်ကိုဝင်းအားလည်းကောင်း ပြောင်းလဲတာဝန်ပေးအပ်ခြင်းကိုတင်ပြ၍ လွှတ်တော်၏ အတည်ပြုချက် ရယူအတည်ပြုသည်။


ဆက်လက်၍ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးဒုတိယနေ့ကို အောက်တိုဘာ ၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းအဖွဲ့

No comments

Powered by Blogger.