ဘန်ကောက်မြို့၌ အိမ်ထောင်စု ငါးသောင်းကျော် ရေဘေးသင့်၍ ယာယီစခန်း ၂၃၀ ကျော် ပြင်ဆင်ထား
ဘန်ကောက် စက်တင်ဘာ ၂၇
ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်၌ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒေသခံ
၄၂၀၀ ခန့် ယာယီခိုလှုံရေးစခန်းများတွင် ပြောင်းရွှေ့နေကြရကြောင်းနှင့် အိမ်ထောင်စုပေါင်း ၅၂၀၀၀ ခန့် ရေဘေးသင့်လျက်ရှိပြီး ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ဘေးလွတ်ရာယာယီ စခန်း ၂၃၀ ကျော် ပြင်ဆင်ထားရှိကြောင်း သိရသည်။
လေဖိအားနည်းရပ်ဝန်းနှင့် အားကောင်းသော မုတ်သုံရာသီဥတုအခြေအနေကြောင့် ထိုင်းနိုင်ငံနေရာအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းလျက်ရှိသည်။ စက်တင်ဘာ
၂၄ ရက်မှစတင်ကာ ၄၈ နာရီအတွင်း မိုးရေချိန် ၃၀၀ မီလီမီတာနီးပါးအထိ ရွာသွန်း ခဲ့ကြောင်း ဒေသမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ဘန်ကောက်မြို့ နေရာအနှံ့အပြားတွင် ရေလွှမ်းမိုးခဲ့ပြီး လမ်းများမှာလည်း ရေနစ်မြုပ်လျက်ရှိသည်။ ရေကြီးရေလျှံမှုကြောင့် ဆိုးရွားစွာပျက်စီးဆုံးရှုံးမှုနှင့် ကြုံတွေ့နေကြရပြီး အထူးသဖြင့် မြစ်ချောင်းတစ်လျှောက် ဒေသများတွင် ပိုမိုပြင်းထန်ကြောင်း ဘန်ကောက်မြို့အုပ်ချုပ်ရေးမှူး ချတ်ချက်ဆစ်တီပွန့်က ပြောသည်။
ဘန်ကောက်မြို့၌ လက်ရှိအချိန်အထိ ထိခိုက်သေဆုံးမှုမရှိသေးကြောင်း သိရသည်။ စက်တင်ဘာ ၂၇ ရက်မှစတင်ကာ
အချို့ဒေသများတွင် မိုးရွာသွန်းမှု လျော့နည်းသွားနိုင်သော်လည်း ရေကြီးရေလျှံမှုဒဏ်ခံရသည့် ဒေသများ အထူးသဖြင့် မြေနိမ့်ဒေသများတွင် ထပ်မံမိုးရွာသွန်း နိုင်ခြေရှိသည့်အတွက်
သတိဝီရိယဖြင့် နေထိုင်ကြရန် တိုက်တွန်းထားသည်။
အင်န်အိတ်ချ်ကေ

No comments