မိတ္ထီလာခရိုင်အတွင်း ရေရှားပါးမှုနှင့်ကြုံတွေ့နေရပြီး အချို့သောဆည်တမံများအတွင်း ရေဝင်ရောက်မှု လျော့နည်းသဖြင့် စိုက်ပျိုးရေပေးဝေနိုင်မှု အခြေအနေကို စနစ်တကျပြန်လည် စိစစ်စီမံခန့်ခွဲကြရန် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မှာကြား
နေပြည်တော် စက်တင်ဘာ ၁၇
မိတ္ထီလာခရိုင်အတွင်း ရေရှားပါးမှုနှင့်
ကြုံတွေ့နေရပြီး အချို့သောဆည်တမံများအတွင်း ရေဝင်ရောက်မှု လျော့နည်းသဖြင့် စိုက်ပျိုးရေပေးဝေနိုင်မှု
အခြေအနေကို စနစ်တကျပြန်လည်စိစစ် စီမံခန့်ခွဲကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၇) အစည်းအဝေးခန်းမ၌
မိတ္ထီလာမြို့နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်တာဝန်ခံများနှင့် တွေ့ဆုံစဉ် မှာကြားသည်။
တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် မိတ္ထီလာရေသောက်စနစ်
အဖျားပိုင်းရှိ ကုန်းတောင်းရွာအနီး စိုက်ပျိုးရေပေးဝေနေမှုနှင့် မိုးစပါး စိုက်ပျိုးထားရှိမှုကို
သွားရောက်ကြည့်ရှု စစ်ဆေးပြီး ပိုလျှံရေများအား အလေအလွင့် မရှိစေဘဲ ပြင်ပရှိ ရေစုကန်အတွင်း
စုဆောင်းထားရှိပြီး စိုက်ပျိုးရေတိုးချဲ့ပေးဝေရန် မှာကြားသည်။
ထို့မှတစ်ဆင့် မိတ္ထီလာမြို့နယ် ညောင်ကန်ကျေးရွာနှင့်
ဒဟတ္တန်းကျေးရွာရှိ ဆိုလာစနစ်တပ် စိုက်ပျိုးရေစက်ရေတွင်း တွင်းအမှတ် (၁၀)နှင့် (၄)
မှ စိုက်ပျိုးရေများအား အသုံးပြု၍ စိုက်ပျိုးထားရှိမှု၊ မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးရေး
တိုးတက်ပေးဝေနိုင်ရန် မိတ္ထီလာကန် ရေသောက်မြောင်း (နတ်မြောင်း)မှ ဆိုလာစနစ် တပ်ရေတင်
(ဧက-၈၀၀)(၂)(လျာထား) လုပ်ငန်း ဆောင်ရွက်မည့် နေရာနှင့် ချောင်းကောက် ဆည်ရေသောက်ချောင်းမှ
ဆိုလာစနစ်တပ် ရေတင် (ဧက-၈၅) (လျာထား) လုပ်ငန်းဆောင်ရွက်မည့်နေရာတို့ကို လည်းကောင်း၊
ပျော်ဘွယ်မြို့နယ် ချောင်းမကြီးဆည်ရေသောက်စနစ် မြောင်းဆုံးမြောင်းဖျားအထိ ဆည်ရေပေးဝေနိုင်ရေး
စီမံဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒေသခံတောင်သူများနှင့် တွေ့ဆုံစဉ်
စိုက်ပျိုးရေးလုပ်ငန်းအတွက် အဓိက လိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးရေ ဖူလုံစွာရရှိခြင်းဖြင့်
စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး
ရန်ပုံငွေမှ စိုက်ပျိုးရေရရှိရေး လုပ်ငန်းများအတွက် အရင်းမပျောက် မတည်ငွေဖြင့် ချေးငွေများ
စီစဉ်ပေးလျက်ရှိကြောင်း၊ မြေအောက်ရေ ပြန်လည်ဖြည့်တင်းပေးနိုင်မှုရှိသော နေရာများတွင်
ရေတွင်းများတူးဖော်၍ ရေအရင်းအမြစ်များကို သေချာစွာ ချိန်ညှိအသုံးပြုနိုင်ရေးအတွက် လိုအပ်သော
ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments