တနင်္သာရီတိုင်းဒေသကြီး၌ ဆီအုန်း ၄၀၁၆၀၅ ဧကစိုက်ပျိုး စုစုပေါင်းအထွက်နှုန်း တန် ၂၈၆၆၄၀ ထုတ်လုပ်နိုင်



မြိတ် စက်တင်ဘာ ၁၃

 

တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ဆီအုန်း ၄၀၁၆၀၅ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး အသီးခူးဧကအနေဖြင့် ၁၇၃၉၂၆  ဧကမှ စုစုပေါင်းအထွက်နှုန်း တန် ၂၈၆၆၄၀ ထုတ်လုပ်နိုင်ခဲ့ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

တနင်္သာရီတိုင်းဒေသကြီး၌ ဆီအုန်းစိုက်ပျိုးအောင်မြင်နိုင်သည့် ရေ၊ မြေ၊ ရာသီဥတု အနေအထားကြောင့် ပြည်တွင်းသာမက ပြည်ပကုမ္ပဏီများက ဆီအုန်းစိုက်ပျိုးမှုတွင် လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသည်။ တနင်္သာရီတိုင်းဒေသကြီး၌ လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်ခန့်မှစတင်ကာ ဆီအုန်းစိုက်ပျိုးခဲ့သည်။

 

မြန်မာတစ်နိုင်ငံလုံးတွင် ဆီအုန်းစိုက်ပျိုးခြင်းကို တနင်္သာရီတိုင်းဒေသကြီးတွင်သာ စိုက်ပျိုးထားနိုင်ပြီး အများပြည်သူစားသုံးနိုင်သည့် ဆီထုတ်လုပ်မှု မပြုလုပ်နိုင်သေးကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်းစိုက်ဧကလေးသိန်းကျော် တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ပြီး အများပြည်သူစားသုံးနိုင်မည့် ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီရရှိရန် ဆီချောစက်ရုံတစ်ခုကို တနင်္သာရီတိုင်းဒေသကြီးတွင် တည်ဆောက်ရန် စီစဉ်ဆောင်ရွက်နေသည်။

 

“မြန်မာနိုင်ငံမှာ ဆီအုန်းကို တနင်္သာရီတိုင်းဒေသကြီးတစ်ခုတည်းမှာသာ စိုက်ပျိုးဖြစ်ထွန်းပါတယ်။ ဒီသီးနှံက အီကွေတာရဲ့ တောင်နဲ့မြောက်လတ္တီ ၁၀°C အတွင်း ကောင်းစွာဖြစ်ထွန်းတဲ့အတွက် မြန်မာပြည်တောင်ပိုင်းဖြစ်တဲ့ မြိတ်၊ ကော့သောင်းဒေသတွေမှာ ဧကအမြောက်အမြားကို စီးပွားဖြစ်စိုက်ပျိုးထားပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့

 

ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဆီအုန်းစိုက်ဧက ၃၉၆၃၉၅ ဧက၊ အသီးခူးဧက ၁၇၈၂၃၈ ဧက နှင့် တစ်ဧကအထွက်နှုန်း ၃ ဒသမ ၄၇ တန် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည်။

 

ဒေသခံတောင်သူများနှင့် ကုမ္ပဏီများမှ ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းကို ထိထိရောက်ရောက် စိုက်ပျိုးလုပ်ကိုင်ပါက ဆီအုန်းစတင်စိုက်ပျိုးသည့်အချိန်မှစ၍ နောက်ငါးနှစ်လောက်ကြာသည့် အခါတွင် စီးပွားဖြစ်ဆွတ်ခူးနိုင်မည်ဖြစ်ပြီး နောက်ထပ်နှစ်ပေါင်း (၂၀) ကျော်ကြာသည်အထိ ဆီသီးခိုင်များ ထုတ်လုပ်နိုင်သည်။

 

တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် ဆီကြမ်းစက်ရုံများ လက်ရှိလည်ပတ်နေမှုမှာ ထားဝယ်ခရိုင်တွင် တစ်ခု၊ ဘုတ်ပြင်းခရိုင်တွင် နှစ်ခုနှင့် ကော့သောင်းခရိုင်တွင်နှစ်ခု စုစုပေါင်း ဆီကြမ်းစက်ရုံငါးခုရှိကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မြင့်ဦး(မြိတ်)



No comments

Powered by Blogger.