နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိ
နှစ်နိုင်ငံအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့
နေပြည်တော် စက်တင်ဘာ ၁၂
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော် အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် ဆီရမ်ရိမြို့၊ Siem Reap Angkor အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ပြန်လည် ထွက်ခွာသည်။
နိုင်ငံတော်သမ္မတ ဦးဆောင် သည့် မြန်မာအဆင့်မြင့် ကိုယ်စား လှယ်အဖွဲ့အား ဆီရမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူး H.E. Mr. PRAK Sophoan နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E. Mr. CHENG Manith ၊ ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ် ကြီး ဦးကျော်စိုးမင်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဇော်ဝင်းနှင့် သံရုံး၊ စစ်သံရုံး မိသားစုဝင်များက လေဆိပ်၌ ရင်းနှီးနွေးထွေးစွာ ပို့ဆောင် နှုတ်ဆက်ကြသည်။
ထိုသို့ ပို့ဆောင်နှုတ်ဆက်စဉ် ကမ္ဘောဒီးယား အမျိုးသမီးငယ်တစ်ဦးက ဂုဏ်ပြုပန်းစည်းကမ်း၍ လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်လေးများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီတို့၏ ဓာတ်ပုံများနှင့် နှစ်နိုင်ငံအလံငယ် များ ကိုင်ဆောင်ဝှေ့ယမ်း၍ လည်းကောင်း ရင်းနှီးနွေးထွေးစွာ ပို့ဆောင်နှုတ်ဆက်ကြသည်။
ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် အတူ ခရီးစဉ်တွင် လိုက်ပါသွား ကြသည့် ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသော ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးမောင် မြင့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မွန် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိသူများ ပြန်လည်လိုက်ပါ လာကြသည်။
နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော် အကြီးအကဲနှင့် အထက်လွှတ်တော် (ဆီးနိတ်)ဥက္ကဋ္ဌ ဆမ်ဒက် ဟွန်ဆင်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြုလုပ် ခြင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေးကိစ္စရပ်များ၊ နှစ်နိုင်ငံ အစိုးရများအကြား၊ လွှတ်တော် များအကြားနှင့် ပြည်သူများ အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ကိစ္စရပ်များ၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍများ အပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး ကမ္ဘောဒီးယား နိုင်ငံရှိ သမိုင်းဝင်အထင်ကရနှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများကို ကြည့်ရှုလေ့လာခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် ညနေပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ပြန်လည် ရောက်ရှိကြရာ ဒုတိယသမ္မတ ဦးညိုစော၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည် တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘော ဒီးယားနိုင်ငံသံရုံးနှင့် စစ်သံရုံးတို့ မှ တာဝန်ရှိသူများက လေဆိပ်တွင် ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်

No comments