ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံ အန်ကောရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းသမိုင်းဝင် အန်ကောဝပ်နှင့် ဘေရွန်ဘုရားကျောင်းတော်များသို့ သွားရောက်ကြည့်ရှုလေ့လာ
နေပြည်တော် စက်တင်ဘာ ၁၂
ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့တွင် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် ဆီရမ်ရိမြို့ အန်ကောရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ရှေးဟောင်းသမိုင်းဝင် အန်ကောဝပ်ဘုရားကျောင်းတော်နှင့် ဘေရွန်ဘုရားကျောင်းတော်တို့အား သွားရောက် ကြည့်ရှုလေ့လာသည်။
ကြိုဆိုနှုတ်ဆက်
ဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ရှေးဟောင်းသမိုင်းဝင် အန်ကောဝပ်ဘုရား ကျောင်းတော်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ရှေးဟောင်းသမိုင်းဝင် အန်ကောဝပ်ဘုရား ကျောင်းတော်အတွင်း ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားရှိမှု၊ ကျောက်ဆစ်ရုပ်တုများ၊ နံရံများပေါ်တွင် ထွင်းထုထားသည့် ရှေးခမာလူမျိုးတို့၏ နေ့စဉ် လူမှုဘဝ၊ ဈေးဝယ်ခြင်း၊ အခမ်းအနားများ၊ စစ်ပွဲများနှင့် လူမှုဘဝအခြေအနေကို အသေးစိတ်ပုံဖော်ထား သည့် ကျောက်ပန်းပုလက်ရာများ၊ ခမာလူမျိုးတို့ ကိုးကွယ်ခဲ့သည့် ဘုရားဆင်းတု တော်များကို စိတ်ပါဝင်စားစွာလိုက်လံကြည့်ရှုလေ့လာကြပြီး အန်ကောရှေးဟောင်းယဉ်ကျေးမှု နယ်မြေ တာဝန်ခံနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။
ယင်းနောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် အန်ကောဝပ်ဘုရားကျောင်းတော်ကြီးရှေ့၌ စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကြသည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတက အန်ကောရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ တာဝန်ခံအား အမှတ်တရလက်ဆောင်နှင့် တာဝန်ရှိသူတစ်ဦးအား အန်ကောယဉ်ကျေးမှုနယ်မြေရှိ ဘုန်းတော်ကြီး ကျောင်းတွင် ကိုးကွယ်ရန်အတွက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် တစ်ဆူနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ် တည်ဆောက်ခဲ့မှု မှတ်တမ်းစာအုပ်အား ပေးအပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် အန်ကော ရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ကျုံးကြီးပတ်လမ်း တစ်လျှောက် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာကြည့်ရှုလေ့လာခဲ့ကြပြီး ရှေးဟောင်းသမိုင်းဝင် ဘေရွန် ဘုရားကျောင်းတော်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။
ကြည့်ရှုလေ့လာ
ယင်းနောက် နိုင်ငံတော်သမ္မတ နှင့်အဖွဲ့ဝင်များသည် ဘေရွန်ဘုရားကျောင်းတော်အတွင်း လှည့်လည်၍ ရှေးဟောင်းလက်ရာများ၊ ကျောင်းနံရံများပေါ်ရှိ ခမာအင်ပါ ယာခေတ်စစ်ရေး၊ ယဉ်ကျေးမှုနှင့် နေ့စဉ်လူမှုဘဝများကို ပုံဖော် ထုဆစ်ထားသည့် ကျောက်ပန်းပုများကို လှည့်လည်ကြည့်ရှုလေ့လာ ကြရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။
အဆိုပါ ရှေးဟောင်းသမိုင်းဝင် အန်ကောဝပ်ဘုရားကျောင်းတော်နှင့် ဘေရွန်ဘုရားကျောင်းတော် တို့သည် ကမ္ဘောဒီးယားနိုင်ငံ၏ အနောက်မြောက်ပိုင်း ဆီရမ်ရိ ပြည်နယ် အန်ကောရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် တည်ရှိ ပြီး အဆိုပါအန်ကောရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသည် ကမ္ဘာ့အကြီးဆုံး သမိုင်းဝင်နယ်မြေ တစ်ခုဖြစ်ကြောင်း၊ ကမ္ဘာကျော် အန်ကောဝပ်၊ ကျောက်မျက်နှာတော်များဖြင့် လေးမျက်နှာဘုရား (ဘေရွန်ကျောင်းတော်)နှင့် သစ်မြစ်များတွယ်ကပ်နေသည့် တာပရွန်ကျောင်းတော်တို့သည် အလွန်ထင်ရှားပြီး သမိုင်းဝင် UNESCO စာရင်းဝင်နေရာများဖြစ်ကြောင်း။
အန်ကောဝပ်ဘုရားကျောင်း တော်အား ၁၂ ရာစုအစောပိုင်းတွင် ဒုတိယမြောက် သူရိယ ဝရမန်မင်း (Suryavarman II) က ဟိန္ဒူ ဘာသာရှိ ဗိဿနိုးနတ်ဘုရား (Vishnu) အား ပူဇော်ရန်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ဗုဒ္ဓဘာသာ ကျောင်းတော်အဖြစ်သို့ ပြောင်းလဲ ခဲ့ပြီး စထရိန်ထရဝါမန်မင်း (Srindravarman - ၁၂၉၅ မှ ၁၃၀၇ အထိ စိုးစံခဲ့သူ) လက်ထက်တွင် ခမာအင်ပါယာ၏ နိုင်ငံတော် ဘာသာအဖြစ် ထေရဝါဒဗုဒ္ဓဘာသာ ကို စတင်ပြောင်းလဲသတ်မှတ်ခဲ့ ရာတွင် အန်ကောဝပ်ကျောင်း တော်ကြီးသည် ဟိန္ဒူဘုရားကျောင်းအဖြစ်မှ ဗုဒ္ဓဘာသာကျောင်းတော်အဖြစ် ပြောင်းလဲသွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကမ္ဘာ့အကြီးဆုံးဘာသာရေး အဆောက်အအုံအဖြစ် စံချိန်ဝင်ပြီး ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတော်အလံပေါ်တွင်ပင် အမှတ်အသားအဖြစ်ပါ ရှိကြောင်း၊ ဘေရွန် ကျောင်းတော်သည်လည်း ၁၂ ရာစု အကုန် ၁၃ ရာစု အစောပိုင်းတွင် ခုနစ်ယောက်မြောက် ဇယဝရမန် မင်း (Jayavarman VII) က မဟာ ယာန ဗုဒ္ဓဘာသာဆိုင်ရာ ကျောင်း တော်အဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဘေရွန်ကျောင်း တော်၏ အထင်ကရ အဓိက သင်္ကေတမှာ ကျောက်မျှော်စင် များပေါ်တွင် ထုဆစ်ထားသည့် ကြီးမားသော မျက်နှာတော်များဖြစ်ကြောင်း၊ မျှော်စင်ပေါင်း ၅၄ ခု တွင် အရပ်လေးမျက်နှာသို့ မူထား သည့် မျက်နှာတော် ၂၀၀ ကျော်ရှိခဲ့ပြီး ယခုအခါ မျှော်စင် ၃၇ ခု ခန့် ကျန်ရှိနေသေးကြောင်း၊ ကျောင်းတော်၏ အတွင်းအပြင် နံရံများတွင် အလွန်အသေးစိတ် ပြီးလှပသော ခမာပြည်သူတို့၏ ရှေးခေတ်နေ့စဉ်လူမှုဘဝ၊ ကုန်သွယ်မှုနှင့် စစ်ပွဲသမိုင်းများကို ကျောက်ဆစ်ရုပ်ကြွများဖြင့် အသေးစိတ် ပုံဖော်ထားရှိသောကြောင့် သမိုင်းတန်ဖိုးအလွန် ကြီးမားသည့် ရှေးဟောင်းဘုရားကျောင်းတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်

No comments