ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့သို့ရောက်ရှိ

 



ဆီရမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူး H.E. Mr. PRAK Sophoan လာရောက်ဂါရဝပြုတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၁၂

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ဖနောင်ပင်မြို့ Techo အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဆီရမ်ရိမြို့သို့ အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာကြသည်။


နိုင်ငံတော်သမ္မတ ဦးဆောင် သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ကမ္ဘောဒီးယားနိုင်ငံ ရေအရင်းအမြစ်နှင့် မိုးလေဝသဝန်ကြီးဌာန ဝန်ကြီး H.E. Mr. THOR Chetha ဦးဆောင်သည့် ကမ္ဘောဒီးယားအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများက လေဆိပ်၌ ရင်းနှီးနွေးထွေးစွာ ပို့ဆောင် နှုတ်ဆက်ကြသည်။


ထိုသို့ ပို့ဆောင်နှုတ်ဆက်စဉ် ကမ္ဘောဒီးယားနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့ က ကော်ဇောနီ၏ တစ်ဖက် တစ်ချက်စီတွင် နေရာယူအလေးပြု ၍လည်းကောင်း၊ ကမ္ဘောဒီးယား အမျိုးသမီးငယ်တစ်ဦးက ဂုဏ်ပြု ပန်းစည်းကမ်း၍ လည်းကောင်း၊ ကျောင်းသား ကျောင်းသူ လူငယ် မောင်မယ်လေးများက ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ကမ္ဘောဒီးယားနိုင်ငံ ဘုရင် မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာ မိုနီ တို့၏ ဓာတ်ပုံများနှင့် နှစ်နိုင်ငံ အလံငယ်များ ကိုင်ဆောင်ဝှေ့ယမ်း ၍လည်းကောင်း ရင်းနှီးနွေးထွေး စွာ ပို့ဆောင်နှုတ်ဆက်ကြသည်။


ထို့နောက် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ဆီရမ်ရိ မြို့ Siem Reap Angkor အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြရာ ဆီရမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူး H.E. Mr. PRAK Sophoan ၊ တော်ဝင်ဘုရင့် နန်းတော်ရေးရာ ဝန်ကြီးဌာနမှ ကိုယ်စားလှယ်နှင့် အထက် လွှတ်တော်မှ ကိုယ်စားလှယ် တို့က ရင်းနှီးနွေးထွေးစွာ ကြိုဆို နှုတ်ဆက်ကြသည်။


ဂါရဝပြုတွေ့ဆုံ

ယင်းနောက် နိုင်ငံတော် သမ္မတအား ဆီရမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူးက ခေတ္တတည်းခို ရာဟိုတယ်၌ ဂါရဝပြုတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံရာတွင် ဆီရမ်ရိ ပြည်နယ် အန်ကောရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသည် ယူနက် စကို စာရင်းဝင်ဒေသဖြစ်ပြီး မြန်မာနိုင်ငံရှိ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကဲ့သို့ တန်ဖိုး ကြီးမားသည့် ရှေးဟောင်းအမွေ အနှစ်များစွာရှိမှု အခြေအနေ၊ ဆီရမ်ရိဒေသနှင့် မြန်မာနိုင်ငံရှိ ပုဂံဒေသတို့အကြား ခရီးသွား ကဏ္ဍ တိုးတက်မြင့်မားအောင် ဆောင်ရွက်နိုင်မည့်အခြေအနေ၊ ဆီရမ်ရိဒေသ ခရီးသွားနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် လာရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအား ကမ္ဘောဒီးယားနိုင်ငံမှ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ စောင့်ရှောက်ကာကွယ်ပေးစေ လိုမှုအခြေအနေနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။


တီးမှုတ်ဖျော်ဖြေ

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ဆီရမ်ရိ ပြည်နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ သည်။ ဂုဏ်ပြုနေ့လယ်စာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ် အတွင်း ဆီရမ်ရိပြည်နယ် ယဉ်ကျေးမှုအဖွဲ့က ရိုးရာတေးသံသာများ ဖြင့် တီးမှုတ်ဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.