(၅၂)နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ထူးချွန်စွာဆောင်ရွက်ခဲ့သူများအား စီမံ၊ စီးပွား၊ လူမှုထူးချွန်ဆုများ ပေးအပ်သွားမည်

 



စစ်တွေ စက်တင်ဘာ ၂၈


မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် နတ်တော်လဆန်း ၆ ရက်(၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်)တွင် ကျရောက်မည့် (၅၂)နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ထူးချွန်စွာ ဆောင်ရွက်ခဲ့သူများအား စီမံ၊ စီးပွား၊ လူမှုထူးချွန်ဆုများ ပေးအပ် သွားမည်ဖြစ်ကြောင်း ယနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၌ ကျင်းပသည့် (၅၂)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။


အစည်းအဝေးတွင် (၅၂)နှစ် မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ယခင်နှစ်များ နည်းတူ စည်ကားသိုက်မြိုက်စွာ အနှစ်သာရရှိရှိ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်း ကော်မတီများကိုလည်း ဖွဲ့စည်း ထားပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာ ကော်မတီများအလိုက် ကြိုတင် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြ စေလိုကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူးများက လုပ်ငန်းကဏ္ဍ အလိုက်ဆောင်ရွက်မည့် လုပ်ငန်း အစီအမံများ အကြံပြုဆွေးနွေး တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ် က ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


တင်ထွန်း(ပြန်/ဆက်)

No comments

Powered by Blogger.