သမုဒ္ဒရာကြမ်းပြင်ရှိ ပလတ်စတစ်နှင့် အခြားစွန့်ပစ်ပစ္စည်းများကို အလိုအလျောက်ရှာဖွေ ဖော်ထုတ်ပေးနိုင်သည့် ဉာဏ်ရည်တုစနစ်တစ်ခု တီထွင်အောင်မြင်

 


တိုကျို   စက်တင်ဘာ   ၂၇

ဂျပန်နိုင်ငံရှိ သုတေသီအဖွဲ့တစ်ဖွဲ့က ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို အထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် သမုဒ္ဒရာကြမ်းပြင်ရှိ ပလတ်စတစ်နှင့် အခြားစွန့်ပစ်ပစ္စည်းများကို  အလိုအလျောက် ရှာဖွေဖော်ထုတ်ပေးနိုင်သည့် ဉာဏ်ရည်တုစနစ်တစ်ခုကို တီထွင်အောင်မြင်ခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ ရေကြောင်း-ကမ္ဘာမြေ သိပ္ပံနှင့်နည်းပညာဆိုင်ရာ အေဂျင်စီမှ အဆိုပါအဖွဲ့သည် ယခင်က ရိုက်ကူးထားသော ပင်လယ်ရေနက်ပိုင်းဆိုင်ရာ ဗီဒီယိုမှတ်တမ်းများကို အသုံးပြု၍ အဆိုပါစနစ်ကို တီထွင်ခဲ့ခြင်းဖြစ်သည်။

သုတေသီများက လူမပါဝင်သော စူးစမ်းလေ့လာရေးယာဉ်များနှင့် အခြားကိရိယာများကို အသုံးပြုကာ နှစ်ပေါင်း ၄၀ ကျော်ကြာ ဂျပန်နိုင်ငံဝန်းကျင်ရှိ ပင်လယ်ကြမ်းပြင်များကို စစ်ဆေးလေ့လာခဲ့ကြ သည်။ ၎င်းတို့သည် ဗီဒီယိုများမှ ပုံရိပ်ပေါင်း ၁၂၀၀၀ ကျော်ကို ထုတ်ယူခဲ့ပြီး ပလတ်စတစ်စွန့်ပစ်ပစ္စည်း များ၏ ပုံသဏ္ဌာန်နှင့် အခြားအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာကာ ၎င်းတို့၏ လက္ခဏာရပ်များကို ကွန်ပျူတာက လေ့လာမှတ်သားနိုင်စေရန် ထည့်သွင်းပေးခဲ့သည်။

အဆိုပါစနစ်သည် အရွယ်အစား နှစ်စင်တီမီတာမှ တစ်မီတာအထိရှိသော မြင်တွေ့နိုင်သည့် စွန့်ပစ်ပစ္စည်းများကို ခွဲခြားသိရှိနိုင်ပြီး အရေအတွက်ကို   ရေတွက်ပေးနိုင်သော်လည်း   မိုက်ခရိုပလတ် စတစ် ကဲ့သို့သော ပိုမိုသေးငယ်သည့်အရာများကိုမူ ခွဲခြားသိရှိနိုင်ခြင်းမရှိကြောင်း သုတေသီများက ပြောကြားသည်။

ပင်လယ်ကြမ်းပြင်ရှိ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများသည် သဘာဝအတိုင်း ပြိုကွဲပျက်စီးခြင်းမရှိဘဲ ပတ်ဝန်းကျင်တွင် ဆက်လက်တည် ရှိနေသောကြောင့် ၎င်းပြဿနာကို ဖြေရှင်းရန် အစီအမံများ လိုအပ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ ယခင်က သုတေသီများသည် ဗီဒီယိုများကို ထပ်ခါတလဲလဲ ပြန်ဖွင့်ကြည့်ခြင်းနှင့် ခေတ္တရပ်နားကြည့်ရှုခြင်းတို့ ပြုလုပ်ကာ စွန့်ပစ်ပစ္စည်းများ၏ တည်နေရာနှင့် ပမာဏကို မျက်မြင်စစ်ဆေး ရှာဖွေခဲ့ကြရသည်။ သို့သော် ယခု AI စနစ်အသစ်ကြောင့် အဆိုပါလုပ်ငန်းစဉ်အတွက် လိုအပ်သောအချိန်ကို တစ်ဝက်ကျော်အထိ လျှော့ချနိုင်ခဲ့ပြီဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

အကြီးတန်းသုတေသီ နာကာဂျီမာ ယိုတာက ပြိုကွဲပျက်စီးခြင်းမရှိသော ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ စုပုံလာခြင်းသည် ပြင်းထန်သော ပြဿနာတစ်ရပ်ဖြစ်ပြီး သင့်လျော်သော အစီအမံများ မလုပ်ဆောင်ပါက ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ပိုမိုဆိုးရွားလာစေလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းတို့အဖွဲ့အနေဖြင့် AI စနစ်၏ တိကျမှန်ကန်မှုကို မြှင့်တင်ရန်နှင့် လျင်မြန်စွာ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ၎င်းစနစ်ကို အသုံးပြုသွားရန် စီစဉ်ထားကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။                 

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.