ရန်ကုန်တိုင်းဒေသကြီး၌ စာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပ




ရန်ကုန် စက်တင်ဘာ ၈


၂၀၂၆ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် အထက (လေ့ကျင့်ရေး)ကျောင်းတွင် ကျင်းပရာ ကမာရွတ်မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “စေတနာပန်း တို့ လန်းရာမြေ” သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ ရန်ကုန်တိုင်းဒေသကြီး နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အမှာစကား ပြောကြားသည်။


ယင်းနောက် ၂၀၂၆ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ယူနက်စကို ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဝင်း အောင်က ဖတ်ကြားပြီး ၂၀၂၆ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားတွင် စာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှု ဗီဒီယိုကလစ်ကို ပြသသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးတို့က နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိခဲ့ကြ သူများအား ဆုများပေးအပ်ချီးမြှင့်ကြပြီး ကမာရွတ်မြို့နယ် အထက (လေ့ကျင့်ရေး) ကျောင်းမှ ကျောင်းသား ကျောင်းသူများက “တို့အင်တို့အား” သီချင်းဖြင့် ဂုဏ်ပြု သီဆို ဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သည်။


ရန်ကုန် တိုင်းဒေသကြီး (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(အင်းစိန်၊ တိုက်ကြီး၊ တွံတေး)ခရိုင် ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး၍ ရွှေတံဆိပ်များဆုရှင် မဟာရန်ကုန် ပြည်ချစ်မယ် ပေါက်ကျော်မက မြန်မာ့ဆိုင်းဝိုင်း ကြီးဖြင့်လည်းကောင်း၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ကျောင်းသား ကျောင်းသူများက ပုဂံအကအလှနှင့် စင်တော်ပြိုင်အကတို့ဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။


ရန်ကုန်တိုင်းဒေသကြီး (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (အင်းစိန်၊ တိုက်ကြီး၊ တွံတေး)ခရိုင် ပြိုင်ပွဲကို ဘာသာရပ်အလိုက် ပြိုင်ပွဲဝင် စုစုပေါင်း ၅၁ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။


ဇွဲထက်ကို(ပြန်/ဆက်)

No comments

Powered by Blogger.