ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး
ကလေး စက်တင်ဘာ ၂
ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို
နိုင်ငံတော်၏ အထူးလုပ်ငန်း တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်က ဘဏ္ဍာငွေသာမက
ဆောက်လုပ်ရေးသုံး ပစ္စည်းများ၊ ဆေးဝါးနှင့် ဘုရားဆင်းတုတော်ပါမကျန် လူအား၊ ငွေအားနှင့်
ပစ္စည်းအင်အားဖြင့် ပံ့ပိုးပေးလျက်ရှိကြောင်း၊ ပုဂ္ဂလိကကဏ္ဍမပါ ဌာနဆိုင်ရာနှင့် အများပြည်သူဆိုင်ရာ
ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် ငွေကျပ်ဘီလျံ ၄၀ ကျော်ခန့်
ကျသင့်မည်ဟု ခန့်မှန်းထားကြောင်း ယနေ့နံနက် ၁၁ နာရီက ဟားခါးမြို့ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး
အစည်းအဝေးခန်းမ၌ ကျင်းပသည့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြည်လည်တည်ဆောက်ရေးလုပ်ငန်း
ညှိနှိုင်းအစည်းအဝေးတွင် ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က ဆွေးနွေးပြောကြားသည်။
ထို့အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ပြန်လည်ထူထောင်ရေးနှင့်
ပြန်လည် တည်ဆောက်ရေး လုပ်ငန်းကို ဖလမ်းမြို့တွင် ၃၀ ရာခိုင်နှုန်း၊ တီးတိန်မြို့တွင်
၆၁ ရာခိုင်နှုန်း၊ တွန်းဇံမြို့တွင် ၄၆ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊
ယခုအခါ ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့တို့ရှိ ဆက်သွယ်ရေး စခန်းသုံးခုအတွက်
ဆက်သွယ်ရေးပစ္စည်းများနှင့် ပြည်သူ့ဆေးရုံအတွက် ဓာတ်မှန်စက်များလည်း ကလေးမြို့သို့
ရောက်ရှိလာပြီဖြစ်ပြီး သက်ဆိုင်ရာမြို့များသို့ ဆက်လက်ပို့ဆောင် သွားမည်ဖြစ်ကြောင်း
ပြောကြားသည်။
ပေါင်းစပ်ညှိနှိုင်း
ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့် ချင်းပြည်နယ်အတွင်း
ပြန်လည် ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက ပြည်နယ်၊
ခရိုင်၊ မြို့နယ် ပြန်လည် ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းကော်မတီဖွဲ့စည်းမှု၊
နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်မှု၊ အခြေခံ ပညာကျောင်းများနှင့်
ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်မှု၊ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး
ပစ္စည်းများ လက်ခံရရှိမှုနှင့် ဖြန့်ဝေထားရှိမှု၊ ဌာနဆိုင်ရာ အဆောက်အအုံ ပျက်စီးမှု၊
ထပ်မံကွင်းဆင်းစစ်ဆေး တွေ့ရှိချက်အရ တစ်စိတ်တစ်ပိုင်း ပြုပြင်ရန်လိုအပ်မှု၊ ဌာနဆိုင်ရာ
အဆောက်အအုံများ ပြုပြင်/ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့၏
ရွေးချယ်အတည်ပြု ထားသော ကုမ္ပဏီများ၊ ပျက်စီးသွားသည့် ပုဂ္ဂလိကနေအိမ်များနှင့် ပတ်သက်၍
ထောက်ပံ့မှု၊ အမျိုးသားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဆန်၊ ဆီ၊ ဆား၊ ပဲအတွက်
ငွေထောက်ပံ့မှု၊ ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးရန်ပုံငွေ
လက်ခံရရှိ၊ သုံးစွဲ၊ လက်ကျန် အခြေအနေတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြမှုများအပေါ်
ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments