ရုတ်တရက် အပြောင်းအလဲကြုံရချိန်တွင် ဦးနှောက်က ဘယ်လိုလိုက်ပြောင်းပေးနိုင်လဲ တွေ့ရှိ
ဦးနှောက်၏အရှေ့ခြမ်းသည် ဆုံးဖြတ်ချက်များချမှတ်ရာတွင် အဓိကကျသည့်အစိတ်အပိုင်းတစ်ခုအဖြစ် သိရှိထားခဲ့ရာမှ ယခု လေ့လာမှုအသစ်တစ်ခုအရ သတင်းအချက်အလက်များကိုလည်း ကိုင်တွယ်နိုင်ပြီး ရုတ်တရက်အပြောင်းအလဲ နှင့်ကြုံရလျှင် သဟဇာတဖြစ်အောင် လုပ်ပေးနိုင်ကြောင်းကိုပါ တွေ့ရှိခဲ့ရသည်။
အိုင်အိုဝါတက္ကသိုလ်မှ
သုတေသီများ၏လေ့လာမှုတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အကြား စေတနာ့ဝန်ထမ်း ၃၈ ဦးကို အရောင်၊ မျက်နှာပုံ၊ ရှုခင်းပုံများနှင့်
သက်ဆိုင်ရာတုံ့ပြန်မှုများကို ပေါင်းစပ်မှတ်သားစေသည်။ ဆိုလိုသည်မှာ မည်သည့်အရာကိုတွေ့လျှင် ညာဘက်လက်ညှိုးဖြင့်နှိပ်၊
မည်သည့်အရာတွေ့လျှင် ဘယ်လက် လက်ခလယ်ဖြင့်နှိပ်ဆိုသည့် ပုံစံမျိုးဖြစ်သည်။
ထိုစည်းမျဉ်းများအတိုင်း
ကျင့်သားရသွားကြချိန်တွင် သုတေသီတို့က ဆက်စပ်မှုများကို ပြောင်းလဲလိုက်သည်။ မူလက ပေးထားသည့် ပုံနှင့်ပေးထားသည့်တုံ့ပြန်မှုအတိုင်းလုပ်လျှင်
မမှန်တော့ပေ။ ထိုအချိန်တွင် “စည်းမျဉ်း ပြောင်းသွား တာလား”၊ “ငါ အမြင်မှားတာလား”၊ “အရင်အတိုင်းပဲ ဆက်လုပ်နေရမှာလား”ဆိုသည့် အတွေးများ ဝင်လာတော့သည်။
ထိုကဲ့သို့ မရေမရာဖြစ်နေချိန်တွင်
ဆုံးဖြတ်ချက်ချပေးသော ဦးနှောက်အရှေ့ခြမ်းက ဦးနှောက်၏ အခြားအစိတ်အပိုင်းများနှင့် ဘယ်လိုချိတ်ဆက်သတင်းယူလဲဆိုသည်ကို
အက်ဖ်အမ်အာရ်အိုင်စက်ဖြင့် စောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။
သုတေသီတစ်ဦးဖြစ်သည့်
စိတ်ပညာနှင့် ဦးနှောက်သိပ္ပံဌာနမှ တွဲဖက်ပါမောက္ခ ခိုင်ဟွမ်က “ခက်ခဲတဲ့အလုပ်တွေကို လုပ်တဲ့အခါ
ဒီကွန်ရက်က လှုပ်ရှားမှုပိုများလာရုံတင်မဟုတ်ပါဘူး။ ဆုံးဖြတ်ချက်ချတဲ့ အဆင့်တစ်ဆင့်ချင်းစီမှာ
ဘယ်လိုသတင်းအချက်အလက် လိုအပ်နေသလဲဆိုတာအပေါ်မူတည်ပြီး အခြားဦးနှောက်အစိတ်အပိုင်းတွေနဲ့
ဘယ်လို ဆက်သွယ်မလဲ အမြဲတမ်းပြောင်းလဲညှိယူနေတာကို ကျွန်တော်တို့တွေ့ခဲ့ပါတယ်”ဟု ရှင်းပြသည်။
ယင်းမှာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်မျိုးမဟုတ်ဘဲ
အပြောင်းအလဲဖြစ်သွားချိန်တွင် ဦးနှောက်၏ အရှေ့ခြမ်းက အခြားနေရာများ နှင့် ချိတ်ဆက်ပြီး
ဘယ်လိုတုံ့ပြန်ရမလဲဆိုသည်ကို အကောင်အထည်ဖော်ပေးသည်ဟု ဆိုလိုသည်။ ဥပမာ ပုံမှန်သွား နေကျလမ်းအတိုင်း
ကားမောင်းသွားနေစဉ် လမ်းပိတ်ထားသည်နှင့် ရုတ်တရက်ကြုံလိုက်ရချိန်၌ ဘယ်လမ်းက ပြောင်းသွားရမလဲဆိုသည်ကို
ချက်ချင်းစဉ်းစားဖော်ထုတ်ပေးသည့်သဘောမျိုးဖြစ်သည်။
Ref: ScitechDaily

No comments