သီရိလင်္ကာနိုင်ငံ၏ အလုပ်အကိုင်ရရှိမှုနှုန်း ယခင်နှစ်ကထက် မြင့်တက်မှုရှိလာ
စက်တင်ဘာ ၁၇
သီရိလင်္ကာနိုင်ငံ၌ ၂၀၂၅ ခုနှစ်အတွင်း အသက် ၁၅ နှစ်နှင့်အထက် နိုင်ငံလူဦးရေ၏ စုစုပေါင်း အလုပ်အကိုင်ရရှိမှုနှုန်းမှာ ၉၆ ဒသမ ၁ ရာခိုင်နှုန်း ရှိရာ ယခင်နှစ်ကထက် ၀ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း စာရင်းအင်းနှင့် သန်းခေါင်စာရင်းဌာနက ယမန်နေ့ကထုတ်ပြန်သည့် နောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် သီရိလင်္ကာ အလုပ်သမားအင်အား စစ်တမ်းအရ နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ယခုနှစ်တွင် ၃ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး လက်ရှိတွင် အလုပ်အကိုင်အခွင့်အလမ်းများကို ရှာဖွေနေသော လူဦးရေ ၃၂၉၀၀၀ ခန့်ရှိသည်ဟု သိရသည်။
အမျိုးသမီးအလုပ်လက်မဲ့နှုန်း ၆ ဒသမ ၁ ရာခိုင်နှုန်း ရှိပြီး အမျိုးသားအလုပ်လက်မဲ့နှုန်း ၂ ဒသမ ၈ ရာခိုင်နှုန်းထက် နှစ်ဆကျော် မြင့်မားခဲ့သည်။ အသက်အုပ်စုတူ နိုင်ငံသား ၈ ဒသမ ၆ သန်းကျော်သည် အလုပ်သမားအင်အားစုပြင်ပတွင် ရှိနေခဲ့ပြီး စုစုပေါင်းလူဦးရေ၏ ၅၀ ဒသမ ၆ ရာခိုင်နှုန်းခန့် ရှိခဲ့သည်။ အလုပ်သမားအင်အားစုတွင် ပါဝင်မှုနှုန်း ၄၉ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်သည်ဟု သိရသည်။
အလုပ်သမားအင်အားမပါဝင်သူများတွင် အချိန်ပြည့်ကျောင်းသားများ၊ အငြိမ်းစားယူထားသူများ၊ အိမ်တွင်နေထိုင်သော မိဘများနှင့် အလုပ်အကိုင်ရှာဖွေခြင်းမရှိသော အခြားအုပ်စုများပါဝင်သည်။
အလုပ်သမားအင်အားပြင်ပရှိ လူအများစုမှာ အမျိုးသမီးများဖြစ်ပြီး အမျိုးသမီး ၆ ဒသမ ၁၉ သန်းခန့်နှင့် အမျိုးသား ၂ ဒသမ ၄၄ သန်းခန့် ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments