အိမ်ရှင်ထိုင်းကစားသမားကို အနိုင်ရရှိကာ သက်ထားသူဇာ နောက်တစ်ဆင့်တက်ရောက်
ရန်ကုန် စက်တင်ဘာ ၁၆
ထိုင်းနိုင်ငံ၌ ကျင်းပလျက်ရှိသည့်
TOYOTA Nakhon Sawan International Series 2026 ကြက်တောင် ပြိုင်ပွဲ၏
အမျိုးသမီးတစ်ဦးချင်း ၆၄ ဦးအဆင့်ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်ကြက်တောင်ကစားသမား သက်ထားသူဇာသည် အိမ်ရှင် ထိုင်းကစားသမား Nathida
Buramart ကို နှစ်ပွဲနိုင်ဖြင့် အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
ယနေ့ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်၌
သက်ထားသူဇာသည် လက်စွမ်းပြကာ ထိုင်းကစားသမား Nathida Buramart ကို ပထမပွဲစဉ်တွင်
၂၁-၁၁ ဖြင့်လည်းကောင်း၊ ဒုတိယပွဲစဉ်တွင် ၂၁-၁၅ ဖြင့်လည်းကောင်း နှစ်ပွဲစလုံး၌ ပြိုင်ဘက်ကို ဖိအားပေးထိန်းချုပ်ကစားနိုင်ခဲ့သည်။
သက်ထားသူဇာသည် နောက်တစ်ဆင့် (၃၂ ဦးအဆင့်) ပွဲစဉ်အဖြစ် ဂျပန် ကစားသမား မတ်ဆုမိုတိုနှင့်
စက်တင်ဘာ ၁၇ ရက်တွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
TOYOTA Nakhon Sawan
International Series 2026 ကြက်တောင်ပြိုင်ပွဲကို စက်တင်ဘာ
၁၅ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ၊ Tambon
Pak Nam Pho ရှိ Nakhon Sawan Provincial Stadium ၌ ကျင်းပလျက်ရှိပြီး
စုစုပေါင်း ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၀၀၀၀ ချီးမြှင့်မည့် နိုင်ငံတကာအဆင့် ကြက်တောင်ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း
သိရသည်။
အဆိုပါ ကြက်တောင်ပြိုင်ပွဲတွင်
အမျိုးသားတစ်ဦးချင်း၌ မြန်မာလက်ရွေးစင်ကစားသမားများဖြစ်ကြသည့် ဟိန်းထက်၊ ဉာဏ်ရှိုင်းလင်းနှင့်
ဖုန်းပြည့်နိုင်၊ အမျိုးသမီးတစ်ဦးချင်းတွင် သက်ထားသူဇာနှင့် အမျိုးသားနှစ်ဦးချင်းပြိုင်ပွဲတွင် ဖြိုးသူရိန်ကျော်နှင့် လာလ်ဇူဒီကာ(တွဲဖက်)တို့
ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
နေမျိုး၊
ဓာတ်ပုံ-FJPB

No comments