ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ကုန်စည်စီးဆင်းမှုလွယ်ကူလုံခြုံမြန်ဆန်စေရေး ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးဂိတ်ကို ကြည့်ရှုစစ်ဆေး
ပဲခူး စက်တင်ဘာ ၂၇
စစ်ဆေးရေးဂိတ်များသည် လုံခြုံရေးနှင့်
တရားမဝင်ကုန်သွယ်မှုပပျောက်စေရေး၊ မူးယစ်ဆေးဝါးနှင့် အခြားကန့်သတ်ပစ္စည်းများ ဝင်ရောက်မှု
မရှိစေရေးအတွက် ဖွင့်လှစ်ပေးထားခြင်းဖြစ်၍ တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်ရန်နှင့်
တစ်ဖက်တွင်လည်း ခရီးသွားပြည်သူများနှင့် တရားဝင်ခွင့်ပြုထားသည့် ကုန်ပစ္စည်းများကို
ငွေကြေးကောက်ခံမှုမရှိဘဲ လွယ်ကူလုံခြုံ လျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေး ဥပဒေနှင့်အညီ
ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းတွင် ဝေါမြို့နယ် ညောင်ခါးရှည် (X-Ray)
အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုစစ်ဆေးစဉ်
တာဝန်ရှိသူများနှင့် တွေ့ဆုံ၍မှာကြားသည်။
ဆက်လက်၍ မူးယစ်တပ်ဖွဲ့စုမှူးနှင့် အကောက်ခွန်ဦးစီးဌာန
တာဝန်ခံတို့က မူးယစ်ဆေးဝါးနှင့် တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရရှိမှုနှင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့်
နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုနှင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး
ရဲမှူးကြီးတင်မျိုးထူးတို့က လိုအပ်သည်များ အကြံပြုတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က
လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေများပေးအပ်ကာ
ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုနှင့် ဝန်ထမ်းဆောင်များကို ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် ညောင်ခါးရှည် (X-Ray) အမြဲတမ်းစစ်ဆေးရေး
ပို့ကုန်ဂိတ်နှင့် သွင်းကုန်ဂိတ်များ၌ ခရီးသွားများကို FRS စနစ်ဖြင့် စစ်ဆေးနေမှု၊
ကုန်စည်ပို့ဆောင်သည့် ယာဉ်များကို X-Ray စက်ကြီး များဖြင့်စစ်ဆေးနေမှု၊ မော်တော်ယာဉ်ငယ်များကို
လူနှင့် Mobile X-Ray စက်များဖြင့် စစ်ဆေးဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း
သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments