(၂၃)ကြိမ်မြောက် အရှေ့တောင်အာရှ ကြက်ခြေနီလခြမ်းနီအသင်းခေါင်းဆောင်များ အစည်းအဝေး ပထမနေ့ကျင်းပ
ရန်ကုန် စက်တင်ဘာ ၈
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ အိမ်ရှင်အဖြစ်
လက်ခံကျင်းပနေသည့် (၂၃)ကြိမ်မြောက် အရှေ့တောင်အာရှ ကြက်ခြေနီနှင့် လခြမ်းနီအသင်းခေါင်းဆောင်များ
အစည်းအဝေး (23rd Southeast Asia Red Cross Red Crescent Leaders Meeting)၏ ပထမနေ့ကို
“Unity in Humanitarian Action: Building a Better Tomorrow”-“စည်းလုံးညီညွတ်သော လူမှုကရုဏာလုပ်ငန်းများဖြင့်
ပိုမိုကောင်းမွန်သောအနာဂတ်ကို တည်ဆောက်ခြင်း”ဟူသော ဆောင်ပုဒ်ဖြင့် ယနေ့နံနက်ပိုင်းက
ရန်ကုန်မြို့ Wyndham Grand Hotel ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ
ပါမောက္ခ ဒေါက်တာမျိုးညွန့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တင်တင်လေးနှင့် အလုပ်အမှုဆောင်များ၊
အရှေ့တောင်အာရှနိုင်ငံများမှ ကြက်ခြေနီနှင့် လခြမ်းနီအသင်းခေါင်းဆောင်များနှင့် တာဝန်ရှိသူများ၊
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC)၊ အပြည်ပြည်ဆိုင်ရာ
ကြက်ခြေနီ ကော်မတီ (ICRC)နှင့် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာ
ထောက်ထားမှု အကူအညီပေးရေး ညှိနှိုင်းမှုဗဟိုဌာန(AHA Centre)တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေး
ဦးစွာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌက
နှုတ်ခွန်းဆက် စကားပြောကြားပြီး အစည်းအဝေး အစီအစဉ်များကို ဆက်လက်ကျင်းပရာ အရှေ့တောင်အာရှ
ဒေသအတွင်း ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ၏ ပူးပေါင်းဆောင်ရွက်မှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ
လုပ်ငန်းများနှင့် အနာဂတ်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
အစည်းအဝေးတွင် IFRC နှင့်
ASEAN အကြား နားလည်မှုစာချွန်လွှာ(MoU) အကောင်အထည်ဖော်မှု တိုးတက်ချက်များ၊ Kuala
Lumpur Statement အကောင်အထည်ဖော်မှု တိုးတက်ချက်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း အတွေ့အကြုံများ၊ အရှေ့တောင်အာရှ ရှေးဦးပြုစုခြင်းကွန်ရက်နှင့်
ကွန်ရက် Mapping (First Aid Accreditation Roadmap) တို့အပြင် အရှေ့တောင်အာရှဒေသအတွင်း
ကျန်းမာသောလူမှု အသိုက်အဝန်းများ တည်ဆောက်ရေး၊ MHPSS၊ ရောဂါကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်
ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်နိုင်စွမ်းမြှင့်တင်ရေး၊ အမျိုးသားအသင်းများအကြား အပြန်အလှန်
အကူအညီပေးရေး၊ ကြက်ခြေနီ လခြမ်းနီဝန်ထမ်းများ၏ လုံခြုံရေးနှင့် Duty of Care၊ ရာသီဥတု
ပြောင်းလဲမှုဒဏ် ခံနိုင်ရည်ရှိသော ဒေသတည်ဆောက်ရေးနှင့် ရာသီဥတုနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ
သဘောတူညီချက် စာတမ်းအရ ဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မန္တလေးငလျင်တုံ့ပြန်ရေးနှင့်
ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် တာဝန်ခံမှုရှိစွာ ဆောင်ရွက်နိုင်ရေး၊ အမျိုးသားအသင်းများ၏
ဘဏ္ဍာရေးရေရှည် တည်တံ့နိုင်မှု၊ ပြည်တွင်းဝင်ငွေရရှိရေးနှင့် ရန်ပုံငွေရှာဖွေရေး အရင်းအမြစ်များ
မျိုးစုံတိုးချဲ့ရေးတို့ကို ဆွေးနွေးကြပြီး ပထမနေ့အစည်းအဝေးအစီအစဉ်များကို ရပ်နားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments