ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၌ အမျိုးသမီးတစ်ဦးအားသတ်ဖြတ်၍ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်သွားသူ တရားခံအမျိုးသားတစ်ဦး ဖော်ထုတ်ဖမ်းဆီးရမိ

 


နေပြည်တော် စက်တင်ဘာ ၂

 

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၌ အမျိုးသမီးတစ်ဦးအား သတ်ဖြတ်၍ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်ခဲ့သူ တရားခံ ဉာဏ်စိုးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် သက်သေခံပစ္စည်းများ သိမ်းဆည်းရမိနိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ ဩဂုတ် ၂၈ ရက် ညနေပိုင်းတွင် ဒေါ်သန်းသန်းနုသည် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဆရာစံတောင်ရပ်ကွက် မင်္ဂလာသိဒ္ဓိလမ်းနှင့် ဓမ္မပါလလမ်းထောင့်ရှိ တိုက်အမှတ် ၄၅ ပထမထပ်နေ သူငယ်ချင်းဖြစ်သူ ဒေါ်ခင်မိုးကြည်(၅၄)နှစ်၏ အခန်းသို့သွားရောက်၍ တံခါးအရှေ့မှ ဒေါ်ခင်မိုးကြည်အား ခေါ်ခဲ့ရာ ခေါ်မရသဖြင့် အိမ်နီးချင်းများနှင့်အတူ အခန်း၏ သံပန်းတံခါး အားဖျက်၍ ဝင်ရောက်ကြည့်ရှုစဉ် အခန်းပေါက်ဝ ဘုရားခန်းရှေ့၌ ဒေါ်ခင်မိုးကြည်မှာ ထိုးသွင်းဒဏ်ရာ သုံးချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သတင်းပေးပို့ တိုင်တန်းချက်အရ ဗဟန်းမြို့မရဲစခန်း (ပ)၂၆၈/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ပြီး တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး အခင်းဖြစ်ရပ် စစ်ဆေးခြင်း၊ နယ်မြေသတင်း ရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁ ရက် ညပိုင်းတွင် လူသတ်မှု ကျူးလွန်သူ တရားခံ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် (၁၂)ရပ်ကွက်နေ ဉာဏ်စိုး(၂၀)နှစ် အား မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် (၆)ရပ်ကွက်ရှိ The Waiting Lodge Hotel အခန်းအမှတ် B-06 ၌ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် သက်သေခံပစ္စည်းများ သိမ်းဆည်းရမိနိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.