ထန်းတပင်မြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ရေဝင်ရောက်ခဲ့သည့် အခြေခံပညာကျောင်းသုံးကျောင်းယာယီပိတ်ထားရ



ထန်းတပင်(ရန်ကုန်)၊ စက်တင်ဘာ ၃

                ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေဝင်ရောက်ခဲ့သည့် အခြေခံပညာကျောင်းသုံးကျောင်းကို စက်တင်ဘာလ (၂)ရက် နေ့မှ စတင်၍ ယာယီပိတ်ထားရကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

                မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ကျောင်းဝင်းအတွင်းနှင့် စာသင်ခန်းမဆောင် အတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်နေသောကြောင့် ရေဝင်ရောက်ခဲ့ကြသည့် အ.ထ.က(ခွဲ) အတွင်းသဲဖြူ၊အ.မ.က(တံတားဦး)နှင့်အ.မ.က(အပြင်သဲဖြူ)ကျောင်းများကိုယာယီပိတ်ထား ရခြင်းဖြစ်ပြီး အဆိုပါကျောင်းသုံးကျောင်းတို့တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ကျောင်းသုံးကျောင်းကို သုံးရက်တာယာယီပိတ်ထားခြင်းဖြစ်ကြောင်းလည်းသိရသည်။

                အဆိုပါကျောင်းများတွင် ပညာသင်ကြားနေသောကျောင်းသား၊ ကျောင်းသူများ ကျောင်းသင်ခန်း စာများ မပျက်စေရေးအတွက်လည်း  ကျောင်းပိတ်ရက်များအစား တနင်္ဂနွေနေ့နှင့်ဥပုသ်နေ့တို့တွင်အစားထိုးကာကျောင်းသင်ခန်းစာများကိုပြန်လည်၍လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

               

ဇင်မင်းထိုက်(ထန်းတပင်)

No comments

Powered by Blogger.