အာဖရိကနိုင်ငံများ၏ အရွယ်အစားအစစ်အမှန်ကို ပိုမိုတိကျမှန်ကန်စွာ ဖော်ပြပေးနိုင်သည့် အခြားနည်းလမ်းများကို အားပေးမြှင့်တင်ရန် အဆိုပြုချက်တစ်ရပ် အတည်ပြု
ကုလသမဂ္ဂ စက်တင်ဘာ ၆
ကုလသမဂ္ဂအထွေထွေညီလာခံက
လက်ရှိတွင် အသုံးပြုနေကြသည့် မြေပုံရေးဆွဲနည်းစနစ်ဖြင့် ပြုလုပ်ထားသော မြေပုံများကို
အသုံးပြုခြင်းရပ်တန့်ရန်နှင့် အာဖရိကနိုင်ငံများ၏ အရွယ်အစားအစစ်အမှန်ကို ပိုမိုတိကျမှန်ကန်စွာ
ဖော်ပြပေးနိုင်သည့် အခြားနည်းလမ်းများကို အားပေးမြှင့်တင်ရန် အဆိုပြုချက်တစ်ရပ်ကို
အတည်ပြုလိုက်ပြီဖြစ်သည်။
အဓိကအားဖြင့် အာဖရိကဒေသမှ
နိုင်ငံပေါင်း ၇၀ ကျော်က မြေပုံကို ပြင်ဆင်သတ်မှတ်ခြင်းဆိုင်ရာ အဆိုပြုမူကြမ်းကို စက်တင်ဘာ ၄ ရက်တွင် အထွေထွေညီလာခံ၌
ပူးတွဲတင်သွင်းခဲ့ကြသည်။
လက်ရှိအသုံးပြုသည့်စနစ်သည်
အီကွေတာနှင့် ဝေးကွာသောနေရာများရှိ ကုန်းမြေကြီးများ၏ ပုံသဏ္ဌာန်နှင့် အရွယ်အစားကို
ပုံပျက်စေကာ ရလဒ်အနေဖြင့် အာဖရိကနှင့် အခြားဒေသများ၏ အရွယ်အစားကို အချိုးအစားအရ သေးငယ်သွားစေကြောင်း
အဆိုပြုမူကြမ်းတွင် ဖော်ပြထားသည်။
ကုန်းမြေကြီးများ၏ ဧရိယာအစစ်အမှန်ကို
ပိုမိုတိကျမှန်ကန်စွာဖော်ပြပေးနိုင်သည့် Equal Earth projection နှင့် အခြားနည်းလမ်းများကို ဖြန့်ဝေအသုံးပြုကြရန် အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ
အဖွဲ့အစည်းများ အား ၎င်းအဆိုပြုချက်က တိုက်တွန်းထားသည်။
အဆိုပြုတင်သွင်းသူများကိုယ်စား
အနောက်အာဖရိကနိုင်ငံဖြစ်သော တိုဂိုနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ရောဘတ် ဒူဆေက မိန့်ခွန်းပြောကြားခဲ့သည်။
ကမ္ဘာမြေကြီး၏ ပုံရိပ်ကို ပုံပျက်စေသော မြေပုံများ အသုံးပြုခြင်းသည် မျိုးဆက် ပေါင်းများစွာတစ်လျှောက်
လက်ဆင့်ကမ်းလာခဲ့သည့် မမှန်ကန်သော ဖော်ပြချက်များကို ဆက်လက်တည်ရှိစေနိုင်ကြောင်း ၎င်းက
ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံအပါအဝင်
နိုင်ငံပေါင်း ၁၆၄ နိုင်ငံ၏ ထောက်ခံမဲအများစုဖြင့် အဆိုပါဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သည်။
ယူကရိန်းနှင့် အခြားနိုင်ငံ ငါးနိုင်ငံတို့က မဲမပေးဘဲ ကြားနေခဲ့ကြပြီး အမေရိကန်ပြည်ထောင်စုတစ်ခုတည်းကသာ
ကန့်ကွက်မဲပေးခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်သည်
အနာဂတ်တွင် လျော်ကြေးပေးရေးကိစ္စရပ်များနှင့် ဆက်စပ်လာနိုင်ကြောင်း အမေရိကန် ကိုယ်စားလှယ်တစ်ဦးက
ထုတ်ဖော်ပြောကြားခဲ့သည်။
ကိုးကား
- အင်န်အိတ်ချ်ကေ
ဘာသာပြန်
- အောင်ကျော်ကျော်

No comments