မြန်မာယူ-၁၇ နှင့် အိန္ဒိယယူ-၁၇ အသင်း ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်

 


ရန်ကုန်   စက်တင်ဘာ   ၂၈

၂၀၂၇   အာရှ ယူ-၁၇  ခြေစစ်ပွဲ အတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့်   မြန်မာယူ-၁၇  အသင်းနှင့် အိန္ဒိယယူ-၁၇ အသင်းတို့ ယှဉ်ပြိုင်ကစားမည့် နိုင်ငံတကာခြေစမ်းပွဲ နှစ်ပွဲကို  မြန်မာနိုင်ငံက  အိမ်ရှင်အဖြစ်  လက်ခံကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ခြေစမ်းပွဲစဉ်များကို သန်လျင်မြို့ရှိ Star City Sports Club ၌ ကျင်းပမည်ဖြစ်ပြီး ပထမ အကျော့ပွဲစဉ်ကို အောက်တိုဘာ ၄ ရက်နှင့် ဒုတိယအကျော့ပွဲစဉ် ကို အောက်တိုဘာ ၇ ရက်တွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

မြန်မာယူ-၁၇ နှင့် အိန္ဒိယ ယူ-၁၇ အသင်းသည် ပြီးခဲ့သည့် မတ်လက ရန်ကုန်မြို့၌  ခြေစမ်းပွဲ နှစ်ပွဲယှဉ်ပြိုင်ခဲ့ဖူးပြီး ပထမပွဲစဉ်တွင် အိန္ဒိယအသင်းက  နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သလို ဒုတိယ ပွဲစဉ်တွင် နှစ်ဖက်ဂိုးမရှိ သရေကျခဲ့ကြသည်။

ထို့ပြင် မြန်မာ ယူ-၁၇ အသင်း ပါဝင်ယှဉ်ပြိုင်မည့် ၂၀၂၇ အာရှ ယူ-၁၇ ခြေစစ်ပွဲ အုပ်စု(A)ပွဲစဉ်များကို  နိုဝင်ဘာလတွင် မြန်မာနိုင်ငံကပင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။ အုပ်စု(A)တွင် အိမ်ရှင် မြန်မာအသင်း၊ အင်ဒိုနီးရှား၊ အာဖဂန် နစ္စတန်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားအသင်းတို့နှင့် ကျရောက်လျက်ရှိသည်။

အုပ်စု (B)တွင် ထိုင်း(အိမ်ရှင်)၊ အီရတ်၊ ဟောင်ကောင်၊   တရုတ်(တိုင်ပေ)၊ မော်လ်ဒိုက်၊ အုပ်စု (C)တွင်  ယူအေအီး(အိမ်ရှင်)၊ ဘင်္ဂလား ဒေ့ရှ်၊ ဆီးရီးယား၊ ဘူတန်၊ မကာအို၊ အုပ်စု(D)တွင်   အီရန်၊   လာအို(အိမ်ရှင်)၊   ဂျော်ဒန်၊ပါကစ္စတန်၊ သီရိလင်္ကာ၊ အုပ်စု (E)တွင် အိန္ဒိယ၊ မလေးရှား (အိမ်ရှင်)၊   ပါလက်စတိုင်း၊  စင်ကာပူ၊  ဂူအမ်၊   အုပ်စု (F) တွင် ယီမင်၊ တာ့ခ်မင်နစ္စတန်၊ ကာဂျစ္စတန်(အိမ်ရှင်)၊ မွန်ဂိုလီးယား၊ မြောက်မာရီယာနာကျွန်းစုနှင့် အုပ်စု(G) တွင် အိုမန်(အိမ်ရှင်)၊ ကူဝိတ်၊ ဘာရိန်း၊ လက်ဘနွန်၊ ဘရူနိုင်းအသင်းတို့ အသီးသီးပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

နေမျိုး၊ ဓာတ်ပုံ-MFF

No comments

Powered by Blogger.