အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံး အုပ်စုနောက်ဆုံးပွဲများ ယနေ့ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်း ဘင်္ဂလားဒေ့ရှ်နှင့် ကစားရမည်
ရန်ကုန် စက်တင်ဘာ ၂၀
ဂျပန်နိုင်ငံ၌ကျင်းပနေသည့်
အကြိမ်(၂၀)မြောက် အာရှအားကစား ပြိုင်ပွဲ အမျိုးသမီးဘောလုံး အုပ်စုနောက်ဆုံးပွဲများကို
စက်တင်ဘာ ၂၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဘင်္ဂလားဒေ့ရှ် အသင်းနှင့် ကစားရမည်ဖြစ်သည်။
မြန်မာအသင်းသည် နှစ်ပွဲစလုံး အရေးနိမ့်ထားသော်လည်း နောက်တစ်ဆင့်တက်ရောက်ရန် အခွင့်အရေးရှိနေပြီး ဘင်္ဂလားဒေ့ရှ်အသင်းကို အနိုင်ရရန်လိုအပ်သလို
အခြားအုပ်စုများမှ တတိယနေရာရ အသင်းများ၏ ရမှတ်ကိုလည်း စောင့်ကြည့်ရမည်ဖြစ်သည်။ ပြိုင်ပွဲ
ကျင်းပသည့်ပုံစံအရ အုပ်စုသုံးခုမှ အမှတ်အများဆုံး ထိပ်ဆုံးနှစ်သင်းစီနှင့် တတိယနေရာရအသင်းများအနက် အကောင်းဆုံးနှစ်သင်း စုစုပေါင်း ရှစ်သင်း ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်သည်။
နှစ်ပွဲစီ ကစားအပြီးတွင် အုပ်စု(E)၌ ဂျပန်နှင့် တရုတ်(တိုင်ပေ)အသင်းတို့က ခြောက်မှတ်စီ၊ ဗီယက်နမ်နှင့် ထိုင်းအသင်းတို့က
အမှတ်မရသေး၊ အုပ်စု(F)၌ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားအသင်းက ခြောက်မှတ်စီ၊
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့က အမှတ်မရသေး၊ အုပ်စု(G)၌ တရုတ်နှင့် ဖိလစ်ပိုင်အသင်းတို့က လေးမှတ်စီ၊ ဥဇဘက်ကစ္စတန်အသင်းက နှစ်မှတ်၊
ဟောင်ကောင်အသင်းက အမှတ်မရသေးပေ။
နှစ်ပွဲစီကစားအပြီးတွင်
အိမ်ရှင်ဂျပန်အပါအဝင် တရုတ်(တိုင်ပေ)၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယားအသင်းတို့မှာ ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရထားပြီး
ကျန်လေးနေရာအတွက် နောက်ဆုံးပွဲအပြီးမှ အဖြေထွက်ပေါ်မည်ဖြစ်သည်။ မြန်မာအသင်းသည် အကောင်းဆုံး
တတိယနေရာရ ထိပ်ဆုံးနှစ်သင်းအတွင်း ရပ်တည်နိုင်ရန် ဘင်္ဂလားဒေ့ရှ်အသင်းကို မဖြစ်မနေအနိုင်ရရန်
လိုအပ်နေသည်။ သို့သော် မြောက်ကိုရီးယားအသင်းနှင့် တောင်ကိုရီးယားအသင်းကို ဂိုးပြတ်အရေးနိမ့်ထားသဖြင့်
အခြားအုပ်စုမှ အသင်းများနှင့်ယှဉ်ပါက အခွင့်အရေးနည်းနိုင်သော်လည်း အုပ်စု(E)မှ ဗီယက်နမ်အသင်းနှင့် ထိုင်းအသင်းပွဲသရေကျပါက နောက်တစ်ဆင့်တက်ရန် မျှော်လင့်နိုင်မည်ဖြစ်သည်။
သတင်း - ကိုညီလေး၊ ဓာတ်ပုံ - MFF

No comments